စမတ်ဖုန်းတွေ၊ Tablet တွေနဲ့ ကျော်ကြားခဲ့တဲ့ Apple ကုမ္ပဏီရဲ့ နောက်ထပ်ခြေလှမ်းက မောင်းသူမဲ့ကားထုတ်လုပ်ဖို့ ဖြစ်နေပြီလား။

အရင်ကတော့ Apple က မောင်းသူမဲ့ကား ထုတ်လုပ်ဖို့ စီစဉ်နေတယ်ဆိုပြီး ကောလဟာလတွေထွက်ခဲ့ပေမယ့် ကယ်လီဖိုးနီးယားပြည်နယ်က ထုတ်ပြန်ခဲ့တဲ့သတင်းကတော့ ဒီကောလဟာလတွေကို အတည်ပြုနေသလိုဖြစ်နေပါတယ်။

အမှန်ဆိုရင်တော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ Apple ကုမ္ပဏီက စမ်းသပ်မောင်းနှင်ခွင့်ရရှိတာနောက်ကျနေပြီလို့တောင် ဆိုနိုင်ပါတယ်။

တခြား နည်းပညာနဲ့ ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးတွေဖြစ်တဲ့ Uber၊ Bosch၊ မာစီးဒီး၊ Faraday Future နဲ့ Tesla တို့က ခွင့်ပြုချက်ရပြီးသားဖြစ်ပါတယ်။

ဒါပေမယ့် ဒီလို ခွင့်ပြုချက်ရရှိဖို့တော့ မလွယ်ကူပါဘူး။ အာမခံလမ်းကြောင်းဆိုင်ရာ ဆောင်ရွက်မှုတွေရှိသလို ဘယ်လိုကားမျိုးကို အသုံးပြုပြီး စမ်းသပ်မလဲဆိုတဲ့ စမ်းသပ်မယ့်ပစ္စည်း အကြောင်းကိုပါ တွဲပြီး တင်ပေးရတာဖြစ်ပါတယ်။

Financial Times ကတော့ Apple က Lexus RX 450 h Crossovers ကားအမျိုးအစားကို မောင်းသူမဲ့ပုံစံပြောင်းပြီး စမ်းသပ်မောင်းနှင်ဖို့ ပြည်နယ်ကို တင်သွင်းထားတယ်လို့ ရေးသားထားပါတယ်။

ဒီကားက Google ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Waymo မောင်းသူမဲ့ကားကုမ္ပဏီလည်း စမ်းသပ်မောင်းနှင်မယ့် Lexus ကားအမျိုးအစားဘဲ ဖြစ်ပါတယ်။