Apple ကနေ အခုအချိန်မှာ MacBook Air ကို ထပ်ပြီး Specs ပိုင်း Refresh ပြုလုပ်ပြီး အသစ်မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီ MacBook Air အသစ်ဟာ Design ပိုင်းအရတော့ 2018 Model နဲ့ဆင်တူတယ်ဆိုပေမယ့် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာပိုကောင်းလာသလို စျေးနှုန်းအနေနဲ့လည်း ဒေါ်လာ ၂၀၀ ပိုသက်သာသွားပြီး ၉၉၉ ဒေါ်လာကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

အခု MacBook Air အသစ်ဟာဆိုရင် 10th Gen Intel i3 Dual Core CPU ကနေ စတင်ဝယ်ယူနိုင်မှာဖြစ်ပြီး SSD အနေနဲ့လည်း အနိမ့်ဆုံး 256GB SSD ကနေ စတင်ရရှိမှာဖြစ်ပါတယ်။ Upgrade ပြုလုပ်မယ်ဆိုရင်လည်း Quad Core i5 နဲ့ i7 အပြင် SSD ကို 2TB အထိ ရွေးချယ်နိုင်မှာပါ။

Apple ကတော့ Performance ပိုင်းမှာ ယခင် Generation MacBook Air ထက် CPU Performance ၂ ဆပိုကောင်းလာမှာဖြစ်ပြီး GPU Performance ပိုင်းမှာလည်း ၈၀ ရာခိုင်နှုန်းအထိ ပိုပြီးတိုးတက်လာမယ်လို့ ဖော်ပြထားခဲ့ပါတယ်။

Display အနေနဲ့တော့ 2560 x 1600 Pixels Resolution ရှိတဲ့ 16:10 IPS Display ကို အသုံးပြုထားပြီး TrueTone Technology ပါဝင်တဲ့အပြင် External 6K Display သို့မဟုတ် 4K Display ၂ ခုကိုပါ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

နောက်ထပ် ထူးခြားချက်တစ်ခုအနေနဲ့ကတော့ Apple ကနေ MacBook Pro 16 Laptop မှာ အသုံးပြုထားတဲ့ Scissor Mechanism Magic Keyboard အသစ်ကို ယခု MacBook Air အသစ်မှာထည့်သွင်းပေးထားတာဖြစ်ပါတယ်။ Key Travel အနေနဲ့ 1mm ရှိမှာဖြစ်ပြီး အသုံးပြုနေတဲ့နေရာရဲ့ အလင်းရောင်ပေါ်မှုတည်ပြီး Keyboard Backlit ကို ချိန်ညှိပေးသွားမယ့် Ambient Light Tracking System လည်းပါဝင်မှာဖြစ်ပါတယ်။

Apple MacBook Air အသစ်ဟာ 1.29Kg အလေးချိန်ရှိမှာဖြစ်ပြီး အထူဆုံးနေရာမှာ 16.1mm ရှိမှာဖြစ်သလို အပါးဆုံးနေရာမှာ 4.1mm ပဲရှိနေမှာဖြစ်ပါတယ်။ 49.9Wh Battery ပါဝင်တဲ့အတွက် Web Browsing ကို ၁၁ နာရီလောက်အထိ ကောင်းကောင်းအသုံးပြုနိုင်မှာပါ။ အရောင်တွေအနေနဲ့တော့ Gold ၊ Space Gray နဲ့ Silver ဆိုပြီး ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။

Ref – GSM Arena