ယခုနှစ် ၂၀၂၀ အစောပိုင်းတုန်းက တကမ္ဘာလုံးမှာဖြစ်ပွားနေတဲ့ COVID-19 ဗိုင်းရပ်စ်ကြောင့် စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ ရောင်းအားတွေဆက်တိုက်ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တရုတ်နိုင်ငံတွင်းမှာတော့ Apple ကနေ တခြားစမတ်ဖုန်းထုတ်လုပ်သူတွေထက် ရောင်းအားပြန်လည်မြင့်တက်ခဲ့တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Apple ကနေ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒုတိယ ၃ လပတ်အတွင်းမှာ iPhone ရောင်းအားက ပထမဆုံး ၃ လပတ်နဲ့ နှိုင်းယှဥ်မယ်ဆိုရင် ၂၂၅ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့တယ်လို့ သိရတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခုနှစ် ဧပြီလကနေ ဇွန်လအတွင်းမှာ iPhone ဝယ်ယူမှုတွေအလွန်များပြားခဲ့တယ်လို့ ပြောရမှာပါ။

အဆိုပါသတင်းကိုတော့ Shanghai ရဲ့ CINNO Research ကုမ္ပဏီကနေဖော်ပြခဲ့တာဖြစ်ပြီး Apple အနေနဲ့ ဒုတိယ ၃ လပတ်အတွင်းမှာ iPhone အလုံးရေ ၁၃ သန်းကျော်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ဒါက မနှစ်တုန်းကထက်လည်း ၆၂ ရာခိုင်နှုန်းတိုးတက်လာခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး Apple iPhone တွေရောင်းအားမြင့်တက်လာတာက အဓိကအနေနဲ့ စျေးသက်သာတဲ့ iPhone SE (2020) ကိုမိတ်ဆက်ခဲ့တာကြောင့်ဖြစ်မယ်လို့ ယူဆနေကြပါတယ်။ အဆိုပါ iPhone SE (2020) ဟာ US စျေးကွက်မှာလည်း Apple အတွက် ရောင်းအားအကောင်းဆုံး iPhone အဖြစ်နေရာယူထားတာဖြစ်ပါတယ်။

Ref – GSM Arena