Apple ကနေ ထုတ်လုပ်ထားတဲ့ iPhone တွေဟာ Software Update ပိုင်းမှာ Android ဖုန်းတွေအနေနဲ့ မယှဥ်နိုင်လောက်အောင်ကို ပိုပြီးသာလွန်နေတာဖြစ်ပါတယ်။ Google က Android Version Update တွေကို နှစ်စဥ်ထုတ်ပေးနေပေမယ့် Pixel Series ဖုန်းတွေရပြီးနောက်ပိုင်း လအတော်ကြာမှ တခြားသော Android ဖုန်းတွေရရှိတဲ့အတွက် iPhone တွေလိုမျိုး Major iOS Update ထွက်ရှိတာနဲ့ ချက်ချင်း Update ပြုလုပ်နိုင်တာနဲ့ယှဥ်ရင် အားနည်းနေပါတယ်။

အခုလည်း Apple ကနေ လက်ရှိအသုံးပြုနေတဲ့ iPhone တွေအကုန်လုံးရဲ့ ၈၁ ရာခိုင်နှုန်းက နောက်ဆုံးထွက်ရှိထားတဲ့ iOS 13 Update ကို အသုံးပြုနေပြီလို့ ကြေညာခဲ့ပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ ၄ နှစ်တုန်းကထွက်ရှိထားတဲ့ iPhone တွေအနေနဲ့ပဲဆိုရင် iOS 13 ကို အသုံးပြုနှုန်းက ၉၂ ရာခိုင်နှုန်းအထိကိုရှိနေတာပါ။ အဲ့ဒီအတွက် လက်ရှိ iPhone တွေအားလုံးရဲ့ ၁၃ ရာခိုင်နှုန်းက iOS 12 နဲ့ ၆ ရာခိုင်နှုန်းက iOS 11 နဲ့ အစောပိုင်း Version တွေကိုအသုံးပြုနေတယ်လို့ သိရပါတယ်။

တစ်ဖက်မှာတော့ Google ကနေ လက်ရှိအချိန်မှာ Android 11 Beta ကို ထုတ်ပေးထားပြီး မကြာခင်မှာ Stable Version ထွက်ရှိတော့မှာဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဧပြီလအထိ Android 10 OS ကို အသုံးပြုနေတဲ့ စမတ်ဖုန်းတွေဟာ ၈.၂ ရာခိုင်နှုန်းပဲရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Android ဖုန်းတွေကတော့ Software Update ပိုင်းမှာ Apple iPhone တွေနဲ့ ယှဥ်ရင် အပြတ်အသတ်ကို ရှုံးနိမ့်နေတယ်လို့တောင် ပြောရမှာပါ။

Apple ဟာ လာမယ့် ဇွန်လ ၂၂ ရက်နေ့မှာ WWDC Developer Conference ကိုကျင်းပသွားတော့မှာဖြစ်ပြီး အဆိုပါ Event မှာ iOS 14 ကိုလည်း တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ လောလောဆယ် သိထားတဲ့သတင်းတွေအရတော့ iOS 14 ကိုလည်း လက်ရှိ iOS 13 အသုံးပြုနိုင်တဲ့ Device တွေအကုန်လုံး Update လုပ်နိုင်ဦးမယ်လို့ သိရပါတယ်။

Ref – Phone Arena