ကိုရိုနာဗိုင်းရက်စ်ဟာ နည်းပညာ လောကကို ဆိုးဆိုးရွားရွား ရိုက်ခတ်နေပါတယ်။ အခုလည်း Apple က သူ့ စတိုးတွေမှာ ဖောက်သည်တွေကို Apple Watch နဲ့ AirPods တွေ ကိုင်တွယ်စမ်းသပ်တာကို အကြံမပေးဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားတယ်လို့ Business Insider က ပြောပါတယ်။

Business Insider က “ Apple စတိုးတွေမှာ အဲဒီ Devices တွေကို ကိုင်တွယ်စမ်းသပ်ဖို့ အားမပေးပေမယ့် ဖောက်သည်တွေ တောင်းဆိုရင်တော့ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်။ Apple ဟာ စတိုးတွေမှာ ဈေးဝယ်သူတွေ နီးနီးကပ်ကပ် မရှိစေဖို့ ထိုင်ခုံ အရေအတွက်ကို လျှော့ချထားပါတယ်။ ဒါ့အပြင် သန်းရှင်းရေးကို ပိုမို လုပ်ဆောင်ခိုင်းထားပြီး လက်ဆေးရည်တွေကို ပံ့ပိုးပေးထားပါတယ်။ နေမကောင်းသူတွေအတွက် သတ်မှတ် ခွင့်ရက်ထက် ပိုပေးထားပါတယ်။ “ လို့ ပြောပါတယ်။

Apple ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က ကုမ္ပဏီဟာ လူစုလူဝေး မများအောင် ဆောင်ရွက်နေတယ်လို့ Business Insider ကို ပြောပေမယ့် Apple Watch နဲ့ AirPod တွေကို ကိုင်တွယ်စမ်းသပ်ခွင့် မပြုတော့တဲ့ အကြောင်းတော့ မပြောသွားပါဘူး။ ကမ္ဘာအဝန်းက Apple စတိုးအားလုံးမှာ ဒီမူဝါဒကို ပြုလုပ်နေသလားဆိုတာတော့ မသိရသေးပါဘူး။ သေချာတာကတော့ Apple ဟာ ဗိုင်းရက်စ် ကူးစက်မှု နည်းပါးအောင် ပြုလုပ်နေတာပါပဲ။

Apple ဟာ မကြာခင်ကပဲ အီတလီက စတိုး ၁၇ ခုကို ပိတ်လိုက်ပြီး အီတလီ အစိုးရက ဆေးဆိုင်နဲ့ စားသောက်ကုန် စတိုးတွေကိုပဲ ဖွင့်ဖို့ ညွှန်ကြားထားပါတယ်။

Ref : tnw