AirTag တွေကို အန္တရာယ်ပြုလိုတဲ့ ရည်ရွယ်ချက်တွေအတွက် အသုံးပြုနေတယ်ဆိုတဲ့ ကောလာဟလတွေက မကြာခဏဆိုသလို ထွက်ပေါ်နေခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ Apple ရဲ့ ခြေရာခံကိရိယာကို မိတ်ဆက်ပြီးကတည်းက Gadget ရဲ့ နောက်ကွယ်က မှောင်မိုက်တဲ့ ဇာတ်လမ်းတွေ ထိတ်လန့်ဖွယ်ပေါ်ထွက်လာခဲ့ပါတယ်။

ကားသူခိုးတွေဟာ AirTag တွေကို အသုံးပြုပြီး နေရပ်လိပ်စာကို ရရှိဖို့ သုံးလာကြသလို၊ ခြေရာခံကိရိယာကို အသုံးပြုပြီး သားကောင်ကို ခြောင်းမြောင်းသလို အန္တရာယ်ရှိတဲ့ အပြုအမူတွေ၊ အားထုတ်မှုတွေဟာ ဆက်လက်ဖြစ်ပွားနေပါတယ်။ Apple ဟာ အဆိုပါပြဿနာတွေကို ဖြေရှင်းဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့လည်း အခုအချိန်အထိတော့ ပိုမိုကောင်းမွန်တဲ့ဖြေရှင်းမှုကို မတွေ့ရသေးပါဘူး။

အမည်မသိ AirTag ကို တွေ့ရှိရင် iPhone သုံးစွဲသူတွေကို အသိပေးခြင်းအပါအဝင် လက်ရှိအစီအမံတွေဟာ “လုံလောက်မှုမရှိသေး” ကြောင်းနဲ့ သုံးစွဲသူတွေအနေနဲ့ စောင့်ကြည့်ခံနေရတာနဲ့ပတ်သက်ပြီး လျင်မြန်စွာသတိပေးမှုကို အနည်းငယ်သာ လုပ်ဆောင်ကြောင်း မကြာခင်က ပေါ်ပေါက်ခဲ့တဲ့ တရားစွဲဆိုမှုမှာ ထည့်သွင်းဖော်ပြထားပါတယ်။

Apple ကို တရားစွဲဆိုကြတဲ့ အမျိုးသမီးနှစ်ဦးအနက် တစ်ဦးကတော့ ရည်းစားဟောင်းဟာ သူမရဲ့ ကားဘီးထဲမှာ AirTag ထည့်ထားပြီး သူမ ဘယ်ကိုပြောင်းသွားသလဲဆိုတာ သိနိုင်ဖို့ ခြေရာခံရှာဖွေနိုင်ခဲ့ကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အခြားအမျိုးသမီးတစ်ဦးကတော့ သူမရဲ့ ခင်ပွန်းဟာ သူမကို ခြေရာခံဖို့အတွက် ကလေးရဲ့ကျောပိုးအိတ်ထဲမှာ AirTag တစ်ခုထားရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသမီးနှစ်ယောက်စလုံးက Apple ဟာ အန္တရာယ်ရှိတဲ့ ထုတ်ကုန်တစ်ခုကို ထုတ်လုပ်ထားတယ်လို့ စွပ်စွဲထားပြီး အတိအကျမဖော်ပြထားတဲ့ ငွေကြေးဆိုင်ရာ နစ်နာမှုကို တောင်းဆိုလာဖွယ်ရှိပါတယ်။

အခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က ထုတ်ပြန်ကြေညာခြင်း မပြုလုပ်ပေမဲ့ AirTag နဲ့ပတ်သက်ပြီး ခြေရာခံရတာတွေ၊ အန္တရာယ်ပြုခံရတာမျိုးတွေ၊ ဒီကိရိယာကိုတလွဲအသုံးပြုပြီး ဒုစရိုက်မှုကျူးလွန်တာတွေကတော့ ဆက်လက်ပေါ်ပေါက်နေဦးမယ်လို့ ခန့်မှန်းရပါတယ်။ ဒါဟာ တစ်ချိန်မှာ ကြီးမားတဲ့ပြဿနာကြီး ဖြစ်လာနိုင်ပြီး ကုမ္ပဏီအနေနဲ့ အကောင်းမွန်ဆုံးနည်းလမ်းနဲ့ ဖြေရှင်းပေးဖို့လည်း လိုအပ်နေတာ ဖြစ်ပါတယ်။

Ref: Phone Arena