AirPods တွေဟာ ကြိုးမဲ့စစ်စစ်နားကြပ် (TWS) တွေထဲမှာတော့ လူကြိုက်များ အောင်မြင်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက်ကုမ္ပဏီကြီးက ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်ဖြစ်တဲ့အတွက် ဒီဇိုင်းလည်းကောင်း၊ အရည်အသွေးလည်းကောင်းသလို၊ ဈေးနှုန်းကလည်း သာမန်ထက် အနည်းငယ် ကြီးမြင့်လေ့ရှိပါတယ်။

Digitimes ကနေထွက်ပေါ်လာတဲ့ သတင်းတစ်ပုဒ်အရ Apple ဟာ AirPods Pro ကို Lite ဗားရှင်းထုတ်လုပ်ဖို့ အရှိန်အဟုန်မြှင့်တင်နေတယ်လို့ သိရပါတယ်။ Apple အနေနဲ့ သူတို့ရဲ့ TWS တွေကို ပိုမိုများပြားတဲ့ ရွေးချယ်နိုင်မှုပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုရမှာပါ။

Airpods Pro Lite ဗားရှင်းနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ဈေးနှုန်းအဖြစ် ပုံမှန် AirPods2 ရဲ့ $159 (၂သိန်း၃သောင်းဝန်းကျင်) နဲ့ AirPods Pro ရဲ့ ဈေးနှုန်းဖြစ်တဲ့ $249 (၃သိန်း၆သောင်းဝန်းကျင်) ကြားမှာ ရှိမယ်လို့ သိရပါတယ်။ ထိုင်ဝမ်က Universal Scientific Industrial (USI) ဟာ AirPods Pro Lite အသစ်အတွက် အဓိကကုန်ကြမ်းတွေ ထောက်ပံ့ပေးတဲ့ ကုမ္ပဏီဖြစ်ဖွယ်ရှိပါတယ်။

ထိုင်ဝမ်က ထွက်ပေါ်လာတဲ့အစီရင်ခံစာအရ AirPods မော်ဒယ်သစ်ဟာ System-in-package (SiP) chip ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ အခုအချိန်မှာတော့ AirPods Pro Lite နဲ့ပတ်သက်တဲ့သတင်းတွေဟာ ကောလာဟလအဆင့်မှာပဲ ရှိသေးတာဖြစ်ပါတယ်။

ထုတ်လုပ်မှုနယ်ပယ်တွင်း ကနဦးသတင်းတွေအရ AirPods Pro Lite ကို ဒီနှစ်ရဲ့ နှစ်ဝက်လောက်မှာ ဈေးကွက်ထဲကိုပို့ဆောင်မယ်လို့ ဖော်ပြထားကြပေမယ့်လည်း တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားနေတာကြောင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေ အနည်းငယ်နှောင့်နှေးနိုင်တဲ့အတွက် ရောင်းချမယ့်အချိန် အပြောင်းအလဲ ရှိလာနိုင်ပါတယ်။

ယေဘုယျအားဖြင့်တော့ Apple ရဲ့ Pro လိုင်းထဲက AirPods ရောင်းအားဟာ နှစ်ကုန်ဆုံးသွားချိန်မှာ စုစုပေါင်း AirPods ရောင်းအားရဲ့ ၄၀−၅၀ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ဖွယ်ရှိတယ်လို့ မျှော်မှန်းရပါတယ်။

Ref: GSM Arena