Apple ဟာ လက်ရှိအချိန်မှာ iPhone တွေကို Lightning Connector နဲ့ပဲ ထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရတော့ Apple ကနေ iPhone အသစ်တွေမှာ Lightning အစား USB-C Connector ကို ပြောင်းလဲအသုံးပြုဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။

အခုလိုမျိုး Apple ကနေ စမ်းသပ်နေတာက လာမယ့် ၂၀၂၃ ခုနှစ်မှာ မိတ်ဆက်သွားမယ့် iPhone 15 Series ဖုန်းတွေအတွက် အဓိကဖြစ်ပြီး တချို့သော သတင်းတွေကလည်း ယခုနှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ရှိနေတဲ့ iPhone 14 Series ဖုန်းတွေအတွက်ပါ စမ်းသပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Apple ကနေ iPhone အသစ်တွေမှာ USB-C ကို အသုံးပြုသွားဖို့ကတော့ သေချာသလောက်ဖြစ်နေပါပြီ။

ပိုပြီးကျိန်းသေသွားတာကတော့ Apple ဟာ iPhone အပြင် တခြားသော Accessories တွေကိုပါ လက်ရှိ အသုံးပြုနေတဲ့ Lightning Connector အစား USB-C ကို ပြောင်းလဲဖို့ စီစဥ်နေတယ်ဆိုပြီး သတင်းထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို ခန့်မှန်းနေကျဖြစ်တဲ့ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Apple ဟာ AirPods တွေအပြင် MagSafe Battery Pack လိုမျိုး Accessories တွေအကုန်လုံးကို Lightning ကနေ USB-C ကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ ပြောင်းလဲမိတ်ဆက်သွားမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

Apple ဟာ ယခုနှစ်အတွင်းမှာ AirPods Pro 2 ကို မိတ်ဆက်သွားဖို့ရှိနေပြီးတော့ လက်ရှိပေါက်ကြားထားတဲ့သတင်းတွေအရတော့ USB-C ပါဝင်နိုင်ခြေနည်းပါးနေပါသေးတယ်။

Ref – Gizmo China