Apple ကနေ လက်ရှိအချိန်မှာ iOS Device တွေအတွက် Processor တွေကို ကိုယ်တိုင်ထုတ်လုပ်နေတာဖြစ်ပါတယ်။ အခုလိုမျိုး ထုတ်လုပ်နေတဲ့အတွက် iPhone တွေရဲ့ A13 Bionic Chip ၊ iPad Pro မှာသုံးထားတဲ့ A12Z Bionic Chip တွေဟာ တခြားသော Qualcomm လိုမျိုး Processor တွေနဲ့ယှဥ်ရင် သိသိသာသာကို မြန်ဆန်နေတာပဲဖြစ်ပါတယ်။

အခုလည်း Apple ကနေ လာမယ့် ၂၀၂၁ မှာ ပထမဆုံးအနေနဲ့ ကိုယ်ပိုင် ARM Processor ကိုအသုံးပြုထားတဲ့ Mac ကွန်ပျူတာကို မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဆိုပါသတင်းကို Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို အမြဲတမ်းမှန်ကန်အောင် ခန့်မှန်းနိုင်တဲ့ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

Mac ကွန်ပျူတာလို့ ဆိုထားတဲ့အတွက် ဖြစ်နိုင်တာကတော့ MacBook အသစ်ဖြစ်လာနိုင်ပြီးတော့ Apple ကိုယ်ပိုင် Processor ဟာ 5nm Architecture နဲ့အတူ 12-core Processor အမျိုးအစားဖြစ်မယ်လို့ ဖော်ပြခဲ့ပါတယ်။ High Performance Core ၈ လုံးနဲ့ Efficiency Core ၄ လုံးပါဝင်မယ့် အဆိုပါ Proecessor ဟာ စွမ်းဆောင်ရည်ပိုင်းမှာလည်း လက်ရှိ A13 Bionic Chip ထက် သိသိသာသာကို ပိုမိုမြန်ဆန်မှာဖြစ်တယ်လို့သိရပါတယ်။

Apple အနေနဲ့ အခုလိုမျိုး ကိုယ်ပိုင် 5nm ARM Processor ကို MacBook တွေမှာအသုံးပြုလာမယ်ဆိုရင် စွမ်းဆောင်ရည်ပိုင်းမှာ လက်ရှိ Intel Processor တွေထက်တောင် ပိုကောင်းလာနိုင်တဲ့အပြင် Battery Life အနေနဲ့လည်း ပိုပြီး အသုံးခံလာမှာဖြစ်ပါတယ်။

Google အနေနဲ့လည်း လောလောဆယ်မှာ Exynos နဲ့ ပူးပေါင်းပြီးတော့ Pixel ဖုန်းအပြင် Chromebook တွေအတွက် ကိုယ်ပိုင် 5nm Chip ကို ထုတ်လုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် လာမယ့် ၂၀၂၁ မှာတော့ Apple နဲ့ Google ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာဖို့များနေပါတယ်။

Ref – 9to5Mac