Apple ဟာ လက်ရှိအချိန်မှာ iPhone တွေအတွက် TSMC ကနေ ထုတ်လုပ်ပေးထားတဲ့ ကိုယ်ပိုင် A Series Bionic Chip တွေကိုပဲ အသုံးပြုနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Network ပိုင်းအတွက် လိုအပ်တဲ့ Modem ကိုတော့ လောလောဆယ် ထုတ်လုပ်နိုင်ခြင်းမရှိသေးဘဲ Qualcomm ဆီကနေပဲ ရယူအသုံးပြုနေရတာဖြစ်ပါတယ်။

အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းအရတော့ Apple ဟာ လာမယ့် ၂၀၂၃ ခုနှစ်က စတင်ပြီး ကိုယ်ပိုင် Modem တွေနဲ့ အစားထိုးပြီး အသုံးပြုသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။ အဆိုပါသတင်းကိုတော့ Nikkei Asia ကနေ ဖော်ပြခဲ့တာဖြစ်တာကြောင့် ဖြစ်နိုင်ခြေအလွန်များပြားနေတာဖြစ်ပါတယ်။

Apple ဟာ iPhone တွေအတွက် Custom 5G Modem တွေကို TSMC ရဲ့ 4nm Process Node ကို အခြေခံပြီး တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Power စားသုံးမှုက ယခုထက် အများကြီး ပိုသက်သာလာမှာဖြစ်သလို စွမ်းဆောင်ရည်ပိုင်းမှာလည်း ပိုကောင်းလာမယ်လို့ ယူဆရပါတယ်။

လက်ရှိအချိန်မှာ Apple iPhone တွေဟာ Qualcomm X60 Modem တွေကိုပဲ အသုံးပြုနေတာဖြစ်ပြီး iPhone 13 Series မှာလည်း အဆိုပါ Modem တွေကိုပဲ ထည့်သွင်းထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက Apple ကနေ Intel ရဲ့ Smartphone Modem အဖွဲ့ကို ဒေါ်လာ ၁ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီး ဂျာမနီနိုင်ငံမှာ ကိုယ်ပိုင် 5G Modem ထုတ်လုပ်မှုတွေအတွက် သီးသန့် R&D Center တည်ထောင်ပြီး ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။

Ref – GSM Arena