Apple ရဲ့ ပြီးခဲ့တဲ့ Event မှာ အရင်ဦးဆုံးကြေညာခဲ့တာကတော့ HomePod Mini ပဲ ဖြစ်ပါတယ်။ ဒီ Mini Smart Speaker လေးဟာ Feature သစ်တွေကို သယ်ဆောင်ပေးလာရုံသာမကဘဲ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က ကြေညာခဲ့တဲ့ HomePod နဲ့ နှိုင်းယှဉ်ရင်လည်း ကုန်ကျစရိတ်က ပိုပြီးနည်းပါးသွားပါတယ်။

HomePod Mini ဟာ ကမ္ဘာလုံးလိုပုံစံဖြစ်ပြီး အပေါ်ဘက်မှာ မျက်နှာပြင်တစ်ခုရှိနေသလို၊ Flat based လည်း ဖြစ်ပါတယ်။ စပီကာရဲ့ ကိုယ်ထည်ကို ဆန်ခါကွက်နဲ့ ဒီဇိုင်းဆင်ကာရံထားပြီး Driver unit တစ်ခု၊ Passive radiator နှစ်ခုနဲ့ အောက်ခြေမှာ Acoustic waveguide တို့ကတော့ အတွင်းပိုင်းမှာ နေရာတကျရှိနေတာ ဖြစ်ပါတယ်။

HomePod Mini smart speaker ဟာ Apple S5 chip သုံးထားတာဖြစ်တဲ့အပြင် စနစ်တကျတွက်ချက်ပြီး အသံထုတ်ပေးတဲ့ “computational audio” စနစ်လည်း ဖြစ်ပါတယ်။ Apple ရဲ့ အဆိုအရ တစ်စက္ကန့်မှာ အကြိမ် ၂၀၀ နီးပါး ချိန်ညှိပေးတယ်လို့ သိရပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုက HomePod နှစ်ခုကို အနီးအနားမှာ တွဲလျက်ထားတဲ့အခါ အလိုအလျောက် Stereo mode ကို ပြောင်းလဲအလုပ်လုပ်ကြတာပဲ ဖြစ်ပါတယ်။

Apple ဟာ Google Assistant ရဲ့ “Broadcast feature” ကို ပုံတူကူးပြီး Intercom လို့နာမည်ပေးထားတယ်လို့ ဆိုရမှာပါ။ အသုံးပြုသူဟာ Intercom နဲ့ အိမ်မှာရှိတဲ့ အခြား HomePod စပီကာတွေဆီကို Voice Message တွေ ပို့နိုင်မှာလည်း ဖြစ်ပါတယ်။ အခြားဘက်ကလည်း HomePod ကတစ်ဆင့် ပြန်လည်ဖြေကြားနိုင်မှာ ဖြစ်ပါတယ်။ Intercom message တွေဟာ Apple ရဲ့ iPhone, Watch, AirPods စတဲ့ Device တွေမှာ ပြန်လည်ဖော်ပြပေးမှာလည်း ဖြစ်ပါတယ်။

HomePod Mini ကိုလည်း အခြား Smart Speakers တွေလိုပဲ အိမ်မှာရှိတဲ့ Smart home device တွေ ထိန်းချုပ်တဲ့အနေနဲ့ အသုံးပြုလို့ရပါတယ်။ ဒါ့အပြင် iHeart Radio နဲ့ TuneIn အပါအဝင် အခြား Streaming တွေကိုလည်း ထောက်ပံ့ပေးပါသေးတယ်။ ဈေးနှုန်းကတော့ အံ့အားသင့်စရာအဖြစ် $99 (၁ သိန်း ၃ သောင်းဝန်းကျင်) နဲ့ ရောင်းချပေးလိုက်တာလည်း ဖြစ်ပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့မှာ Pre-order တင်လို့ရမှာဖြစ်ပြီး ရောင်းချတာကတော့ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ဖြစ်ပါတယ်။

Ref: Gizmochina