Apple Watch ဟာ လူ့အသက်တွေကို ကယ်တင်ပေးခဲ့တဲ့ သတင်းများစွာ မြင်ခဲ့ တွေ့ခဲ့ရပြီးပါပြီ။ အခုလည်း ကနေဒါ နိုင်ငံ အော့တဝါက အသက် ၈၅ နှစ်အရွယ် အဖိုးအိုရဲ့ အသက်ကို Apple Watch ရဲ့ Fall Detection က ကယ်တင်လိုက်ပြန်ပါတယ်။ အဖိုးအိုဟာ အမြင့်ကနေ ပြုတ်ကျပြီးနောက်မှာ သတိမေ့သွားခဲ့ပေမယ့် သူဝတ်ဆင်ထားတဲ့ Apple Watch က ရဲတွေကို အကြောင်းကြားပေးခဲ့တဲ့အတွက် အသက်ချမ်းသာရာရခဲ့ပါတယ်။

ဖြစ်စဉ် အသေးစိတ်ကို ရဲဌာနက အင်စတာဂရမ်မှာ တင်ထားပါတယ်။ ဒီဖြစ်ရပ်ဟာ ဒီနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဖိုးအိုဟာ တစ်ယောက်ထဲ နေထိုင်သူ ဖြစ်ပါတယ်။ အမြင့်က ပြုတ်ကျပြီးနောက်မှာ သတိမေ့သွားခဲ့ပြီး ဦးခေါင်းမှာ ဒဏ်ရာရသွားခဲ့ပါတယ်။ ကံကောင်းတာက Apple Watch က အမြင့်ကနေ ပြုတ်ကျတာကို ၁ မိနစ်အတွင်း အာရုံခံနိုင်ခဲ့ပြီး 911 ကနေ တစ်ဆင့် အရေးပေါ် ဝန်ဆောင်မှုကို ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။

Should Apple Watch fall detection be enabled for all ages by default? -  9to5Mac

အော့တဝါ ရဲဌာနက Automated Message ကို ရရှိခဲ့ပြီးနောက်မှာ ချက်ချင်းပဲ အဖိုးအိုရဲ့ တည်နေရာကို သွားခဲ့ပါတယ်။ အရေးပေါ် ဖုန်းခေါ်တဲ့အချိန်မှာ ရဲဌာန ဝန်ထမ်းဟာ အဖိုးအိုရဲ့ အသက်ရှူသံနဲ့ သူ့ခွေး အဆက်မပြတ် ဟောင်နေတာကို ကြားသိခဲ့ရပါတယ်။

အော့တဝါ ရဲဌာနဟာ အခင်းဖြစ်ရာကို ရောက်ရှိခဲ့ပြီးနောက်မှာ အဖိုးအိုကို အရေးပေါ် ပြုစုကုသပေးခဲ့ပါတယ်။ အဲဒီနောက်မှာ ဆေးရုံကို ခေါ်သွားခဲ့ပြီး အဖိုးအိုရဲ့ သမီး ဖြစ်သူကို ဆက်သွယ်ခဲ့ပါတယ်။ အဖိုးအိုဟာ မကြာခင်မှာ ဆေးရုံကနေ ဆင်းရတော့မှာ ဖြစ်ပြီး ခရစ်စမတ်ကာလကို ကျန်းမာစွာ ဖြတ်သန်းနိုင်မှာပါ။

Ref : gizmochina