Apple ရဲ့ စမတ်ဖုန်း၊ တက်ဘလက်၊ ကြိုးမဲ့နားကြပ်၊ စမတ်စပီကာ စတဲ့ ထုတ်ကုန်တွေဟာ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွက် ကမ္ဘာ့ရောင်းအားအကောင်းဆုံးဆိုတဲ့ တံဆိပ်ကို ရယူနှင့်ပြီး ဖြစ်ပါတယ်။ အခုနောက်ဆုံးထွက်လာတဲ့ အချက်အလက်တွေအရ ဒီစာရင်းထဲမှာ Smartwatch လည်း ပါဝင်လာပြီလို့ သိရပါတယ်။

လေ့လာဆန်းစစ်သူ Francisco Jeronimo ရဲ့ Infographic အရ Apple Watch Series 7 ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီကနေ မတ်လအတွင်း ကမ္ဘာ့ရောင်းအားအကောင်းဆုံး Smartwatch ဖြစ်ခဲ့ပါတယ်။ US ဈေးကွက်မှာ အမေရိကန်ဒေါ်လာ $399 ကနေ စတင်တဲ့ ဒီနာရီတွေဟာ မျက်နှာပြင်ပိုကျယ်ပြီး Bezels ပိုပါးလာတဲ့ ဒီဇိုင်းပိုင်းအပြောင်းအလဲအနည်းငယ်ကြောင့် ဒီရလဒ်ကို ဖြစ်ပေါ်စေတယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။

နောက်ထပ် ရောင်းအားအကောင်းဆုံးဖြစ်တဲ့ Apple Watch ကတော့ Apple Watch SE ပါပဲ။ $279 နဲ့ ရောင်းချနေတဲ့ ဒီစမတ်နာရီတွေဟာ ဒီဇိုင်းပိုင်းမှာတော့ ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ECG support လိုမျိုး Premium features တွေတော့ ထောက်ပံ့ပေးထားခြင်း မရှိပါဘူး။ ဒါပေမဲ့ ဝယ်လိုအားကို ကြည့်ခြင်းအားဖြင့် သုံးစွဲသူအတော်များများအတွက် ဒီဈေးနဲ့ ဒီနာရီ၊ ဒီ Features တွေက လုံလောက်မှုရှိနေတယ်ဆိုတဲ့သဘောပါပဲ။

ပြိုင်ဘက်အမှတ်တံဆိပ်တွေရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ဖြန့်ချိမှုဟာ နောက်ကျနေတဲ့အတွက် Apple ရဲ့ ရောင်းအားဟာ လာမဲ့လအနည်းငယ်အတွင်း လက်ရှိအတိုင်းတည်ငြိမ်နေဦးမယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့ လက်ရှိ Watch SE မျိုးဆက်ဟာ လာမဲ့စက်တင်ဘာလမှာ ပြီးဆုံးသွားမယ်လို့ဆိုနိုင်ပါတယ်။ အကြောင်းကတော့ Apple က Second-gen version ကို ဖြန့်ချိမှာဖြစ်လို့ပါပဲ။

Apple Watch Series 7 နဲ့ Watch SE တို့က ဒီနှစ်ဦးရဲ့ ပထမသုံးလပတ်မှာ အရောင်းစွံနေကြသလို ပိုပြီးဈေးသက်သာ၊ ပိုပြီးဟောင်းနွမ်းဗားရှင်းဖြစ်တဲ့ Series 3 ကလည်း ဒီအမှတ်တံဆိပ်ရဲ့ ဈေးကွက်ဝေစုကို ၅၁.၂% အထိ ရယူထားတာကို တွေ့မြင်ရပါတယ်။ Watch Series 3 ဟာ ၂၀၁၇ ခုနှစ်မှာ စတင်ဖြန့်ချိခဲ့ပြီး $199 သာ ကျသင့်ပါတယ်။

အခုနောက်ဆုံးရ အချက်အလက်တွေအရ Series 3 ဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်နာရီစာရင်းမှာ ပဉ္စမနေရာကို ရောက်နေတာ ဖြစ်ပါတယ်။ ငါးနှစ်နီးပါး သက်တမ်းရှိနေပြီး Apple ရဲ့ ထောက်ပံ့မှုတွေနည်းပါးနေတာတောင် ဝယ်လိုအားရှိနေတုန်းပဲဆိုတာ အံ့အားသင့်စရာပါ။ ဘာကြောင့်လဲဆိုတော့ Series 3 ဟာ WatchOS 9 ကို ရရှိတော့မှာမဟုတ်ဘဲ လာမဲ့ စက်တင်ဘာဆိုရင်တောင် သူ့ရဲ့သက်တမ်းကုန်ပြီလို့ ဆိုနိုင်လို့ပါပဲ။

Ref: Phone Arena