Apple က ၂၀၂၂ ခုနှစ်မှာ ကြေညာမယ့် Apple Watch စမတ်နာရီ အသစ်ကို ဖန်တီးနေပြီလို့ သတင်းထွက်လာပြီး အဲဒီ စမတ်နာရီ အသစ်မှာ ပိုကြီးတဲ့ မျက်နှာပြင်ပါလာမယ်လို့ သိရပါတယ်။ Display Supply Chain Consultants ရဲ့ စီအီးအို ဖြစ်သူ Ross Young က နောက်နှစ်မှာ ကြေညာမယ့် Apple Watch Series 8 အတွက် အရွယ်အစား ၃ မျိုး ထုတ်လုပ်ပေးထားနိုင်တယ်လို့ ခန့်မှန်းလိုက်ပါတယ်။

မကြာခင်ကမှ အသစ်စက်စက် ရောင်းချပေးထားတဲ့ Apple Watch Series 7 အတွက် ၄၁ မီလီမီတာနဲ့ ၄၅ မီလီမီတာ အရွယ်အစား ၂ မျိုးထုတ်လုပ်ပေးထားတာ ဖြစ်ပြီး Watch Series 6 မှာတော့ ၄၀ မီလီမီတာနဲ့ ၄၄ မီလီမီတာ ၂ မျိုး ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက် Apple Watch Series 8 မှာ ၄၅ မီလီမီတာထက် ပိုကြီးလာမယ်ဆိုတာ ဖြစ်နိုင်ပါတယ်။

Apple Watch Series 7 smartwatch | LetsGoDigital

Apple အရေး လေ့လာဆန်းစစ်သူတွေထဲမှာ နာမည်ကြီးတဲ့ Ming-Chi Kuo က Apple Watch Series 8 မှာ ကိုယ်ခန္တာအပူချိန်ကို တိုင်းတာပေးနိုင်ခြင်းလို ကျန်းမာရေး စီမံခန့်ခွဲတဲ့ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းထားနိုင်တယ်လို့ တွက်ဆထားပါတယ်။ ( လက်ရှိ ရောင်းချထားတဲ့ စမတ်နာရီတွေမှာလို အရေပြား အပူချိန်ကို တိုင်းတာပေးတာ မဟုတ်ပါဘူး။) အဲဒီ ကိုယ်ခန္တာအပူချိန်ကို တိုင်းတာပေးတဲ့ လုပ်ဆောင်ချက် ဘယ်လို အလုပ်လုပ်တယ်ဆိုတာ မသိရသေးပါဘူး။

Apple က Watch Series 7 ကို မကြာခင်ကမှ ကြေညာပြီး ရောင်းချထားပေမယ့် နောက်နှစ်ကျမှ ထွက်မယ့် Watch Series 8 ရဲ့ သတင်းတွေ စတင် ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ Apple ရဲ့ ထုတ်ကုန်တွေဟာ တစ်နှစ်ပတ်လုံး သတင်းတွေထွက်နေတယ်လို့တောင် ပြောနိုင်ပါတယ်။

Ref : gsmarena