Huawei ကနေ လက်ရှိ စမတ်ဖုန်းကင်မရာဈေးကွက်တစ်ခုလုံးကို Huawei P20 Pro စမတ်ဖုန်းမှာ ကင်မရာ ၃ လုံးတပ်ဆင်ပြီးတော့ Mobile Photography မှာ ဘုရင်တစ်ဆူအဖြစ်နေရာရယူသွားတာပဲဖြစ်ပါတယ်။ အခုအချိန်မှာလည်း လက်ရှိကင်မရာအကောင်းဆုံးစမတ်ဖုန်းကို ပြောပါဆိုရင် Huawei P20 Pro စမတ်ဖုန်းကလွဲပြီးတော့ တခြား စမတ်ဖုန်းမရှိသလောက်ကို ဖြစ်နေတာပါ။

အခုလိုမျိုး Huawei P20 Pro အနေနဲ့ ကင်မရာပိုင်းစွမ်းဆောင်ရည်အကောင်းဆုံးဆိုတဲ့နေရာကို ရရှိလာတာက LEICA ရဲ့ ပူးပေါင်းမှုအပြင် Camera Lens ၃ ခုပါဝင်လာတာကြောင့်လည်းဖြစ်ပါတယ်။ ဒါကလည်း 40MP + 20MP + 8MP Sensor တွေဆိုတော့ လက်ရှိတခြားသောစမတ်ဖုန်းတွေက ယှဉ်ပြိုင်ဖို့ခက်ခဲနေတာလည်း မဆန်းပါဘူး။

Huawei က အခုလိုမျိုး အောင်မြင်မှုရရှိလာတာက Apple အတွက်လည်း စိုးရိမ်စရာဖြစ်လာပြီးတော့ အခုအချိန်မှာ Apple ကနေ Huawei လိုမျိုး ကင်မရာ ၃ လုံးနဲ့ စမတ်ဖုန်းတစ်ခုကို နောက်နှစ်မှာ ထုတ်လုပ်တော့မယ်လို့ သိရပါတယ်။ အခုသတင်းက Yuanta Securities ကနေ Analyst တစ်ခုဖြစ်တဲ့ Jeff Pu ကနေ ပြောကြားခဲ့တာဖြစ်ပြီးတော့ ကင်မရာ ၃ လုံးပါဝင်တဲ့ iPhone ကို နောက်နှစ် iPhone တွေထုတ်ပြနေကြအချိန်ဖြစ်တဲ့ စက်တင်ဘာလဝန်းကျင်မှာကြေညာလောက်တယ်လို့ သိရပါတယ်။

အခုသတင်းဟာ အတိအကျတော့မဟုတ်သေးပေမယ့် တရုတ်သတင်းတစ်ခုရဲ့ ပြောကြားချက်အရဆိုရင် အခုလိုမျိုး ကင်မရာစနစ်ကို အသုံးပြုလာတာက 5X Optical Zoom ကို အသုံးပြုချင်တာကြောင့်ဖြစ်နိုင်ပြီးတော့ 12MP Lens တစ်ခုပါဝင်မှာတော့ ကျိန်းသေတယ်လို့ သိရပါတယ်။