Apple ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက iPad Pro 2020 နဲ့အတူ TouchPad ပါဝင်တဲ့ Magic Keyboard အသစ်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။ အဲ့ဒီအတွက် Apple ဟာ iPad တွေကို Software ပိုင်းတင်မဟုတ်ဘဲ Hardware ပိုင်းအရပါ တကယ့် Laptop တစ်လုံးကို အစားထိုးနိုင်ဖို့အတွက်ရည်ရွယ်ထားတယ်ဆိုတာ သေချာသွားခဲ့ပါတယ်။

အဆိုပါ Magic Keyboard အသစ်ဟာ 2020 iPad Pro Model တွေနဲ့ 2018 iPad Pro Model တွေအတွက်ပဲ ထွက်ရှိခဲ့တာဖြစ်ပြီး ကျန် iPad တွေအတွက်ကတော့ ပုံမှန် TouchPad မပါဝင်တဲ့ Smart Keyboard တွေကိုပဲ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ ဒါကပြောင်းလဲသွားတော့မှာပါ။

ဘာကြောင့်လဲဆိုရင် Apple ကနေ တခြားသော iPad Model တွေအတွက်ပါ Magic Keybard တွေကို ထုတ်လုပ်သွားဖို့ စီစဥ်နေတယ်လို့ သတင်းတွေထွက်ပေါ်လာတာကြောင့်ဖြစ်ပါတယ်။ ယခုသတင်းကိုတော့ MacRumors က တစ်ဆင့် I0vetodream အမည်ရှိတဲ့ Tipster တစ်ဦးက ပြောကြားခဲ့တာဖြစ်ပါတယ်။

Apple ဟာ ဘယ် iPad Model တွေအတွက် Magic Keyboard ကို ထုတ်လုပ်သွားဦးမလဲဆိုတာကိုပြောကြားခဲ့ခြင်းမရှိပေမယ့် ဖြစ်နိုင်တာကတော့ မကြာခင်မိတ်ဆက်လာမယ့် iPad Air Model အသစ်မှာ စတင်ပါဝင်လာနိုင်ပါတယ်။ အဆိုပါ iPad Air အသစ်ဟာလည်း iPad Pro တွေပြီးရင် ပထမဆုံးအနေနဲ့ Touch ID Fingerprint အစား Face ID ကိုပြောင်းလဲအသုံးပြုလာမယ့် iPad ဖြစ်လာမယ်ဆိုပြီး သတင်းတွေထွက်နေတဲ့အတွက် အခုအတိုင်းဆိုရင် ပြောင်းလဲမှုအများအပြားရှိလာမယ့် ပုံစံပါပဲ။

လောလောဆယ်မှာ Apple ရဲ့ iPad Pro တွေအတွက် Magic Keyboard က $299 ကနေ စတင်တဲ့အတွက် iPad Air အတွက် Magic Keyboard ကတော့ အဲ့ဒီစျေးထက်ပိုပြီး သက်သာလာနိုင်ပါတယ်။

Ref- Phone Arena