ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းတုန်းက Apple ဟာ Google လိုမျိုး Search Engine ဖန်တီးဖို့ လုပ်ဆောင်နေဖွယ်ရှိတယ်ဆိုတဲ့သတင်းကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲဒီတုန်းက Apple က ရှာဖွေရေးအင်ဂျင်နဲ့သက်ဆိုင်တဲ့ စီမံကိန်းအသစ်ကို လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်းပြောခဲ့ကြတာက Developer တွေပါ။

အခုတော့ Apple အနေနဲ့ Google ကို အစားထိုးဖို့ ကိုယ်ပိုင်ရှာဖွေရေးအင်ဂျင်ကို ပြုလုပ်နေတယ်လို့ တရားဝင်ပြောဆိုလိုက်ပြီ ဖြစ်ပါတယ်။ အခုအချိန်မှာ Google ဟာ Apple ကို တစ်နှစ် ၁၀ ဘီလီယံကနေ ၁၂ ဘီလီယံကြားပေးချေပြီး Apple Device တွေပေါ်မှာ အဓိက ရှာဖွေရေးထောက်ပံ့သူအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

ဒီသဘောတူညီမှုဟာ မကြာခင်မှာသက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဆက်ပြီးသက်တမ်းတိုးဖို့အတွက် အမေရိကန်တရားရေးဌာနက တရားစွဲဆိုထားတဲ့ကိစ္စရပ်က အတားအဆီးလို ဖြစ်နေပါတယ်။ ဒါကြောင့် Apple ကလည်း အပြောင်းအလဲအတွက် ပြင်ဆင်ထားတာဖြစ်ပြီး ၂၀၁၄ ခုနှစ်တုန်းကတည်းက Applebot တွေကို ဝက်ဘ်ဆိုက်တွေမှာတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။

ဒါ့အပြင် iOS 14 ရဲ့ Home screen search မှာလည်း Google ကိုကျော်ပြီး ဝက်ဘ်ဆိုက်တွေဆီ တိုက်ရိုက်ချိတ်ဆက်လာတာကို တွေ့မြင်နိုင်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကလည်း Apple ဟာ Google ရဲ့ Search and Artificial Intelligence Chief John Giannandrea ကို ခေါ်ယူခဲ့တာဖြစ်ပြီး၊ သူကအခုအချိန်မှာ Apple ရဲ့ Machine Learning and AI strategy မှာ Senior VP ဖြစ်နေပါပြီ။

Apple ရဲ့ ရှာဖွေရေးအင်ဂျင်ပုံစံနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးပါဘူး။ iOS နဲ့ OS X devices တွေအတွက်သီးသန့်ဖြစ်မလား၊ ဒါမှမဟုတ် Google.com လိုမျိုး လွှင့်တင်ထားမလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နောက်တစ်ချက်က Privacy ပိုင်းမှာလည်း ဘယ်လိုကိုင်တွယ်မလဲဆိုတာပါပဲ။ Tim Cook ကတော့ သူတို့အနေနဲ့ email content ဒါမှမဟုတ် Browsing habits တွေကတစ်ဆင့် အမြတ်ထုတ်တာမျိုး မလုပ်ဘူးလို့ ဆိုပါတယ်။

Ref: GSMArena