Apple ဟာ လာမယ့်စက်တင်ဘာလအတွင်းမှာ iPhone 13 Series ဖုန်းတွေနဲ့အတူ AirPods 3 ကိုပါ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။ AirPods 3 ဟာ ယခင် AirPods 1 နဲ့ AirPods 2 တွေနဲ့ မတူညီဘဲ Design ကအစပြောင်းလဲလာမှာဖြစ်တဲ့အတွက် အဆိုပါ AirPods 3 နဲ့ ပတ်သက်ပြီး လက်ရှိအချိန်အထိ သိထားသမျှအချက်အလက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

အရင်ဆုံး Design ပိုင်းအနေနဲ့ကတော့ AirPods 3 ဟာ လက်ရှိရောင်းချနေတဲ့ AirPods Pro နဲ့ ဆင်တူလာမှာဖြစ်ပြီး Silicon Eartips တွေကတော့ ပါဝင်မှာမဟုတ်ပါဘူး။ ဒါတင်မဟုတ်သေးဘဲ AirPods Pro လိုမျိုး Stem ကိုလည်း ပိုပြီးတိုအောင် ပြုလုပ်ထားမှာဖြစ်ပါတယ်။ ဒီလိုမျိုး Design ပြောင်းလဲမှုဟာ AirPods Pro မှာ ကြုံတွေ့ရတတ်တဲ့ Eartips တွေ Size မညီတာကြောင့် တပ်ဆင်ထားတုန်းပြုတ်ကျတတ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

Feature ပိုင်းတွေအနေနဲ့ကတော့ AirPods 3 ဟာ Audio ပိုင်းအဆင့်မြှင့်တင်မှုတွေ အများအပြားရှိလာမှာဖြစ်ပေမယ့် Active Noise Cancellation (ANC) နဲ့ Transparency Mode တွေတော့ ပါဝင်မှာမဟုတ်ပါဘူး။ အဲ့ဒီအစား လက်ရှိ Apple Music နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ Dolby Atmos ၊ Spatial Audio အပါအဝင် တခြားသော Feature အသစ်တွေကိုပဲ ထည့်သွင်းလာမှာဖြစ်ပါတယ်။

နောက်ထပ်အနေနဲ့ Mic စွမ်းဆောင်ရည်ကို အဆင့်မြှင့်တင်ထားမှာဖြစ်ပြီး Apple ကနေ ပြီးခဲ့တဲ့ လပိုင်းတုန်းက AirPods Pro အတွက် မိတ်ဆက်ထားတဲ့ Conversation Boost လိုမျိုး Feature တွေကိုလည်း Support ပြုလုပ်လာဖွယ်ရှိပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ AirPods 3 တွေဟာ ဒေါ်လာ ၁၅၀ ဝန်းကျင်ကနေ စတင်မှာဖြစ်ပြီး AirPods 2 လိုမျိုးပဲ Wireless Charging Case နဲ့ ပုံမှန် Charging Case ဆိုပြီး Version ၂ မျိုး မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple AirPods တွေဟာ လက်ရှိအချိန်မှာ အအောင်မြင်ဆုံး True Wireless Earbuds တွေဖြစ်တာကြောင့် AirPods 3 ဟာလည်း အလားတူအောင်မြင်မှုရရှိလာမှာကတော့ သေချာသလောက်ဖြစ်နေပါတယ်။

Ref – 9to5Mac