Apple ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chip နဲ့အတူ အဆင့်မြှင့်တင်မှုတွေ အများအပြားပါဝင်ခဲ့တဲ့ iPad Air အသစ်ကို မိတ်ဆက်ခဲ့ပါတယ်။ အခုလည်း Apple iPad Pro တွေဟာ ကြီးမားတဲ့အဆင့်မြှင့်တင်မှုတစ်ခုကို ရရှိလာတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Apple နဲ့ ပတ်သက်တဲ့သတင်းတွေကို အမြဲတမ်းခန့်မှန်းတတ်တဲ့ Analyst Ming-Chi Kuo ကနေ လာမယ့် iPad Pro အသစ်တွေဟာ Apple အနေနဲ့ ပထမဆုံး Mini-LED ကို အသုံးပြုထားမယ့် Device တွေဖြစ်လာမယ်လို့ ပြောကြားခဲ့တာကြောင့်ဖြစ်ပါတယ်။ အစောပိုင်းတုန်းက MacBook Pro တွေမှာ Mini-LED Display နည်းပညာကို အစောဆုံးအသုံးပြုလာမယ်လို့ သတင်းတွေထွက်ရှိခဲ့ပေမယ့် အခုအချိန်မှာတော့ iPad Pro အသစ်တွေက အစောဆုံးအသုံးပြုလာမှာဖြစ်ပါတယ်။

Ming-Chi Kuo ကတော့ ယခုနှစ် စတုတ္ထ ၃ လပတ်မှာ Mini-LED Component တွေကို အမြောက်အများထုတ်လုပ်မှုကို စတင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း iPad Pro အသစ်တွေ ဘယ်အချိန်မှာ မိတ်ဆက်သွားမလဲဆိုတာကိုတေ့ာ ပြောကြားခဲ့ခြင်းမရှိပါဘူး။ မနှစ်တုန်းက iPad Pro 2020 ဟာ ပြီးခဲ့တဲ့မတ်လတုန်းကမှ မိတ်ဆက်ခဲ့တာဖြစ်တဲ့အတွက် လာမယ့်နှစ်မှပဲ ထွက်ရှိလာဖွယ်ရှိနေပါတယ်။

ဒီလိုမျိုး Mini-LED နည်းပညာကို အသုံးပြုလိုက်တာက လက်ရှိ LCD Display တွေထက် ပိုပြီးကောင်းမွန်မှာဖြစ်သလို OLED Display တွေမှာ ကြုံတွေ့ရတဲ့ Burn-in ပြဿနာကိုလည်း ကင်းဝေးစေမှာဖြစ်ပါတယ်။ Apple အနေနဲ့ Mini-LED အသုံးပြုထားတဲ့ Device ကို စုစုပေါင်း ၆ မျိုးအထိ ထုတ်လုပ်ဖို့ စီစဥ်ထားတယ်လို့လည်း သိရပါတယ်။

အဆိုပါ Device ၆ မျိုးကတော့ 12.9-inch iPad Pro ၊ 27-inch iMac Pro ၊ 14.1-inch MacBook Pro ၊ 16-inch MacBook Pro ၊ 10.2-inch iPad နဲ့ 7.9-inch iPad Mini တို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လာမယ့်နှစ်မှပဲ အဆိုပါ Mini-LED အသုံးပြုထားတဲ့ Apple Device တွေကို မြင်တွေ့ရနိုင်ပါတယ်။

Ref – The Verge