Apple ကနေ Intel Processor တွေအစား Apple M Series Chipset တွေကို Mac ကွန်ပျူတာတွေအတွက် ပြောင်းလဲအသုံးပြုလာတာ အခုဆိုရင် ၃ နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။ အဆိုပါ Apple M1 နဲ့ M2 Series Chip တွေဟာ စွမ်းဆောင်ရည်ပိုင်းအလွန်ကောင်းမွန်တဲ့အပြင် Battery Life ပိုင်းမှာပါ လက်ရှိ Intel နဲ့ AMD တို့ရဲ့ Processor တွေထက် အားသာချက်တွေအများအပြားရှီနေပါတယ်။

ဒါပေမယ့် Apple ဟာ လောလောဆယ်မှာ M2 ၊​ M2 Pro နဲ့ M2 Max Chip တွေကိုပဲ နောက်ဆုံးထုတ်လုပ်ထားပြီး M3 Chip တွေကို မိတ်ဆက်ထားခြင်းမရှိသေးပါဘူး။ လာမယ့် ဇွန်လအတွင်းမှာပြုလုပ်သွားမယ့် Worldwide Developer Conference (WWDC) Event မှာ MacBook Air 15-inch အသစ်ကို ကြေညာသွားဖို့ရှိပေမယ့်လည်း M2 Chip ကိုပဲ အသုံးပြုထားမယ်လို့ သိရပါတယ်။

အခုလိုမျိုး M3 Chip ကို မကြေညာနိုင်သေးတာဟာ ထုတ်လုပ်မှုပိုင်းအခက်အခဲတွေကြောင့် ဖြစ်တယ်လို့ သိရပြီး အခုလည်း @Tech_Reve အမည်ရှိ Leakster တစ်ဦးက သတင်းအချို့ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ပြောကြားချက်အရ Apple Chip တွေကို အဓိကထုတ်လုပ်ပေးနေတဲ့ TSMC ဟာ M3 Chip တွေကို လုံလောက်အောင် ထုတ်လုပ်နိုင်ခြင်းမရှိတာကြောင့် Apple အနေနဲ့ M3 Chip ကို လာမယ့် ၂၀၂၄ ခုနှစ်မှ မိတ်ဆက်ဖို့ ရွေ့ဆိုင်းလိုက်ရတယ်လို့ သိရပါတယ်။

TSMC ဟာ ကမ္ဘာ့အကြီးမားဆုံး Chipset ထုတ်လုပ်တဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး လက်ရှိအချိန်မှာလည်း Apple iPhone 15 Series အတွက် 3nm A17 Chip တွေကို တာဝန်ယူထုတ်လုပ်နေတာဖြစ်ပါတယ်။ Apple M3 Chip တွေဟာလည်း 3nm Architecture ကို အခြေခံသွားမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းရော၊ Battery စားသုံးမှုပိုင်းတွေမှာပါ ပိုမိုသာလွန်မယ်လို့ ခန့်မှန်းရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ်အတွင်းမှာ M3 Chip အသစ်နဲ့ Mac ကွန်ပျူတာတွေ၊ iPad တွေကို တွေ့ရဖို့ အခွင့်အလမ်းနည်းပါးသွားပြီဖြစ်ပါတယ်။

Ref – Gizmo China