Apple ရဲ့ Reality headset အကြောင်း ကောလာဟလထွက်နေတာ ကြာပါပြီ။ ဒီတစ်ခါတော့ Mix Reality headset ကို ကုမ္ပဏီရဲ့ လာမဲ့ဇွန်လ နှစ်ပတ်လည် Developer conference မှာ မိတ်ဆက်မယ်လို့ သိရပါတယ်။ ဒီ AR/VR headset ကို လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လမှာကတည်းက မိတ်ဆက်မယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ဒီနှစ် ဇွန်လအထိ ရွှေ့ဆိုင်းလာတာလည်း ဖြစ်ပါတယ်။

အကြိမ်ကြိမ်လွဲချော်ခဲ့တဲ့ Mix Reality headset မိတ်ဆက်မဲ့ သတင်းတွေက ဒီတစ်ကြိမ်တော့ မှန်ကန်နိုင်ပြီလို့ ယုံကြည်ရပါတယ်။ Cupertino ဟာ Mix Reality headset အတွက် ဘာကြောင့် နှောင့်နှေးနေရသလဲဆိုတာ ဘယ်သူမှ မသိပါဘူး။ Hardware နဲ့ Software ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် မိတ်ဆက်ဖို့နှောင့်နှေးနေရတယ်လို့ပဲ သုံးသပ်ရပါတယ်။

အကယ်၍ Apple ဟာ သူတို့ရဲ့ Mix Reality headset ကို ဒီ ဇွန်လမှာ တရားဝင်ကြေညာရင်လည်း အသုံးပြုသူတွေလက်ထဲကိုတော့ ၂၀၂၃ ခုနှစ်နှောင်းပိုင်းလောက်မှ ရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ထပ်ပြောရရင်တော့ ဒါလည်း မသေချာသေးပါဘူး။ ထပ်ပြီးပြောင်းလဲနိုင်ပါသေးတယ်လို့ ဆိုရမှာပါပဲ။ ဒါပေမဲ့ Apple ကတော့ ဖြစ်နိုင်ရင် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဈေးကွက်ထဲကို အရောက်ပို့ဖို့ရည်ရွယ်တယ်ဆိုတဲ့သတင်းကတော့ အားရစရာကောင်းပါတယ်။

Mix Reality headset ဟာ Apple ရဲ့ နောက်ထပ် ကြီးမားတဲ့ ပဏာမခြေလှမ်းလို့ ဆိုရမှာပါ။ အမေရိကန်နည်းပညာကုမ္ပဏီကြီးဟာ iPhone ရောင်းချမှုအပေါ် မှီခိုအားထားနေရတာကို လျှော့ချဖို့အတွက် နောက်ထပ် ငွေရှာနိုင်တဲ့ ထုတ်ကုန်သစ်ကို ဖန်တီးနေတာလည်း ဖြစ်ပါတယ်။ တစ်နည်းပြောရရင်တော့ iPhone တွေဟာ စမတ်ဖုန်းကမ္ဘာတစ်ခြမ်းနီးပါးကို သိမ်းပိုက်ထားသလိုပဲ Mix Reality headset နဲ့လည်း သူ့ရဲ့နယ်ပယ်ကို ချဲ့ထွင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

အခုအထိသိရသလောက်ကတော့ Mix Reality headset မှာ Mac-grade M2 chip တစ်ခု၊ 4K VR display နဲ့ AR အတွက် မြင်ကွင်းကျယ်ကင်မရာ (an extensive array of cameras) တွေ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် (Xtended Reality အတွက်) xrOS လို့ခေါ်တဲ့ Software အသစ်ကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Ref: GSM Arena