Apple ကနေ iPhone 9 ကိုလာမယ့် မတ်လကုန်ဝန်းကျင်မှာ မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိတရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် iPhone တွေကို အဓိကထုတ်လုပ်ပေးနေတဲ့ Foxconn စက်ရုံတွေ ခတ္တပိတ်လိုက်ရသလို အခုပြန်ဖွင့်နိုင်တဲ့အချိန်မှာလည်း ယခင်ကလောက် လုပ်သားတွေမရှိတော့တဲ့အတွက် ထုတ်လုပ်နိုင်စွမ်းနည်းပါးနေတာဖြစ်ပါတယ်။

အခုဆိုရင်လည်း Foxconn နဲ့ တခြားသော စက်ရုံတွေမှာ လုပ်သားမလုံလောက်မှုကြောင့် ထုတ်လုပ်နိုင်စွမ်းက ၅၀ ရာခိုင်နှုန်းအောက်ပဲရှိနေတဲ့အတွက် Apple အနေနဲ့ iPhone 9 မိတ်ဆက်မယ့်အချိန်ကို အနောက်ကိုရွေ့ဆိုင်းရဖို့များနေပါပြီ။ ဘာကြောင့်လဲဆိုရင် အခုအခြေအနေအတိုင်းဆက်သွားမယ်ဆိုရင် စျေးကွက်ရဲ့ လိုအပ်တဲ့ပမာဏကို ဘယ်လိုမှအချိန်မှီထုတ်လုပ်နိုင်မှာမဟုတ်တော့တာကြောင့်ဖြစ်ပါတယ်။

Apple ရဲ့ Internal သတင်းပေါက်ကြားမှုတွေအရ iPhone 9 ကို လာမယ့် မတ်လ ၃၁ ရက်နေ့မှာ တရားဝင်မိတ်ဆက်ပြီးတော့ ဧပြီလ ၃ ရက်နေ့မှာ စတင်ရောင်းချသွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ကိစ္စတွေဖြစ်ပွားနေတဲ့အတွက် အချိန်အကန့်အသတ်မရှိ မိတ်ဆက်မယ့်အချိန်ကို ပြန်လည်ရွေ့ဆိုင်းထားတယ်လို့လည်း သိရပါတယ်။

Foxconn ရဲ့ အစောပိုင်းအစီအစဥ်အရ ယခု ဖေဖော်ဝါရီလကုန်မှာ စက်ရုံရဲ့ ထုတ်လုပ်နိုင်စွမ်းကို ၅၀ ရာခိုင်နှုန်းအထိ ပြန်လည်ရှိလာဖို့ မျှော်လင့်ထားတာဖြစ်ပြီး လာမယ့် မတ်လမှာ ၈၀ ရာခိုင်နှုန်းအထိ ရှိမယ်လို့ တွက်ချက်ထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် စက်ရုံကို အလုပ်ပြန်ဆင်းတဲ့လုပ်သားတွေကို ဆုကြေးငွေပေးအပ်တာမျိုးပါ ပြုလုပ်ခဲ့ပေမယ့် ကြည့်ရတာတော့ ထင်ထားသလောက်မထိရောက်တဲ့ပုံစံပါပဲ။

Apple အတွက်လည်း ဒီသတင်းက အထိနာစရာဖြစ်ပြီးတော့ iPhone 9 ဟာ iPhone 8 လိုမျိုး Design နဲ့ Touch ID ကိုအသုံးပြုထားတာဖြစ်ပေမယ့် iPhone 11 Series ဖုန်းတွေရဲ့ Camera နဲ့ A13 Bionic Chip ကို အသုံးပြုလာပြီး စျေးအနေနဲ့ ၃၉၉ ဒေါ်လာကနေ ရောင်းချမှာဖြစ်တဲ့အတွက် ရောင်းအားကောင်းမယ့် iPhone တစ်လုံးဆိုပြီး ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။

Ref – Giz China