ROG Phone လို့ဆိုလိုက်တာနဲ့ Asus ရဲ့ ဂိမ်းမင်း စမတ်ဖုန်းဆိုတာကို အားလုံးသိကြပါလိမ့်မယ်။ ဒီလိုမျိုး နာမည်ကြားရုံနဲ့ သိနိုင်လောက်အောင် အောင်မြင်ခဲ့တဲ့ ROG ဖုန်းစီးရီးမှာ နောက်ထပ် မျိုးဆက်ဖြစ်တဲ့ ROG Phone 3 လည်း မကြာခင် ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။

ကနဦးသတင်းတွေအရ ROG Phone 3 ကို ဇူလိုင်လထဲမှာ မိတ်ဆက်သွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ တရားဝင်မိတ်ဆက်မယ့် နေ့ရက်ကို အတိအကျမသိသေးပေမယ့် ပြီးခဲ့တဲ့ရက်ကတော့ Bluetooth certification ရနေတာကို တွေ့မြင်လိုက်ကြရပါတယ်။ ဒီ Certification ဟာ တရားဝင်အသိအမှတ်ပြုမှုတွေအနက် နောက်ဆုံးတစ်ခု ဖြစ်တာကြောင့် ဖြန့်ချိမယ့်ရက်က သိပ်မဝေးတော့ဘူးလို့ ဆိုနိုင်ပါတယ်။

ဒီမတိုင်မီမှာလည်း ROG Phone 3 ကို Wi-Fi Alliance နဲ့ EEC က အသိအမှတ်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အခြား အခြေခံစံသတ်မှတ်ချက် Databases တွေမှာလည်း တွေ့မြင်နိုင်ပါတယ်။ တရားဝင်ကြေညာထားတာမဟုတ်တဲ့ ကောလာဟလသတင်းအချို့မှာတော့ ဒီဟန်းဆက်မှာ Snapdragon 865 plus အသုံးပြုထားမယ်လို့ ဖော်ပြနေကြပါတယ်။ တကယ်ဟုတ်မဟုတ်ကတော့ စောင့်ကြည့်ရဦးမှာပါ။

ရှင်းရှင်းလင်းလင်း သိနိုင်တာကတော့ ASUS ROG Phone 3 မှာ 8GB of RAM နဲ့ 12GB of RAM ဆိုပြီး ဗားရှင်းနှစ်မျိုး ရှိမယ်ဆိုတာပါပဲ။ Bluetooth SIG ရဲ့ ထောက်ခံချက် စာရွက်စာတမ်းတွေအရ ဒီဟန်းဆက်ဟာ နောက်ဆုံးပေါ်ဗားရှင်းဖြစ်တဲ့ Bluetooth 5.1 နဲ့ဆိုတာလည်း သိပြီးရပြီ ဖြစ်ပါတယ်။ ဒါကြောင့် တရားဝင် မိတ်ဆက်မယ့်အချိန်ကိုပဲ စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းရတော့မှာပါ။

Ref: GSM Arena