ASUS ဟာ သူ့ရဲ့နောက်ဆုံးပေါ် ဂိမ်းမင်းဖုန်းကို မကြာခင်တရားဝင်မိတ်ဆက်နိုင်ဖို့ အရှိန်မြှင့်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တုန်းက ROG Phone 5 ရဲ့ ပကတိရုပ်ပုံလည်း အွန်လိုင်းပေါ်မှာ ပေါက်ကြားထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ အခုတော့ ဒီဟန်းဆက်ကို TENAA မှာ မြင်တွေ့လာရတာပါ။

TENAA မှာမြင်တွေ့ရတာကြောင့် ROG Phone 5 ရဲ့ အချက်အလက်အချို့ကိုလည်း တရားဝင်သိခွင့်ရကြပြီ ဖြစ်ပါတယ်။ အလားတူပဲ ဒီဟန်းဆက်ရဲ့ တရားဝင်ရုပ်ပုံကိုလည်း မြင်တွေ့ရပါတယ်။ TENAA မှာမြင်တွေ့ရတဲ့ ROG Phone 5 ရဲ့ပုံစံဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပေါက်ကြားခဲ့တဲ့ရုပ်ပုံနဲ့ တူညီတယ်လို့ ဆိုနိုင်ပါတယ်။

မော်ဒယ်နံပါတ် IOO5DA ဟာ Snapdragon 888 Chipset ကိုအသုံးပြုထားပြီး 6,000mAh ပမာဏဘက်ထရီကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ အားသွင်းမြန်နှုန်းကို အတိအကျမဖော်ပြပေမယ့် တရုတ် 3C မှာ Certification ရခဲ့တာက 65W charger နဲ့ဖြစ်ပါတယ်။ ကျောဘက်မှာ ကင်မရာသုံးလုံးပါဝင်တာတော့ ထင်ထင်ရှားရှားမြင်တွေ့ရပြီးဖြစ်ပါတယ်။

အဓိကကင်မရာဟာ 64MP ပြီး ကျောဘက်မှာ ကင်မရာသုံးလုံးအပြင် သေးငယ်တဲ့ Secondary Display တစ်ခုလည်း ပါဝင်သေးတာကို တွေ့မြင်ရပါတယ်။ ကနဦးပေါက်ကြားမှုဟာတော့ ဒီမျက်နှာပြင်အသေးလေးဟာ ဖုန်းဝင်လာကြောင်း အသိပေးတဲ့ စာသားတွေပြသတာကို တွေ့ခဲ့ရပါတယ်။ ပင်မမျက်နှာပြင်ကြီးကတော့ 6.78-inch AMOLED ဖြစ်ပြီး In-Display Fingerprint Scanner ပါဝင်ပါတယ်။

မျက်နှာပြင်ဟာ FHD+ လား၊ ဒါမှမဟုတ် QHD+ resolution လားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် Refresh Rate ကတော့ 144Hz ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ မကြာခင်ကထွက်ခဲ့တဲ့ Teaser အရ ASUS ROG Phone 5 ကို မတ်လကုန်ကနေ ဧပြီလလယ်ကြားမှာ မိတ်ဆက်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena