ဂန္တဝင် Dota 2 ကစားသမား Dendi တည်ထောင်ထားတဲ့ B8 Esports အသင်းမှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ LastHero (အမည်ရင်း Oleg Demidovich) ဟာ မိခင် ဘီလာရုစ်နိုင်ငံရဲ့ ရွေးကောက်ပွဲ မဲလိမ်မှုနဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်မှုများအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း အဖမ်းဆီးခံခဲ့ရပါတယ်။

အလားတူ ဘီလာရုစ် ကစားသမားတစ်ဦးဖြစ်တဲ့ Fishman ရဲ့ ပြောကြားချက်အရ LastHero ဟာ အခြား ထိန်းသိမ်းခံရသူတွေနဲ့အတူ ယာယီထိန်းသိမ်းရေးစခန်း တည်ရှိရာ Zhodzina မြို့သို့ ခေါ်ဆောင်သွားတာ ခံရတယ်လို့ သိရပါတယ်။

ယမန်နေ့က B8 Esports အသင်းဟာ OMEDGA League: Europe Divine Division ပြိုင်ပွဲမှာ Team Empire နဲ့ ယှဉ်ပြိုင်ကစားဖို့ကိုလည်း အထက်ပါ ဆန္ဒပြပွဲကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း Cyberium Seed အသင်းနဲ့ ကစားရမယ့်ပွဲမှာ ဘီလာရုစ် အစိုးရက ဆန္ဒပြပွဲများကြောင့် နိုင်ငံတစ်လွှမ်းရှိ အင်တာနက်ဝန်ဆောင်မှုတွေကို ပိတ်ပင်လိုက်တဲ့အတွက် LastHero နေရာမှာ အခြား ကစားသမားနဲ့ အစားထိုး ဆော့ခဲ့ရပါတယ်။

ဘီလာရုစ်နိုင်ငံရဲ့ သမ္မတသစ် ရွေးကောက်ပွဲမှာ မဲလိမ်မှုနဲ့ ရဲတပ်ဖွဲ့မှ အင်အားသုံးအကြမ်းဖက်မှုတွေ ရှိခဲ့တယ် ဆိုပြီး ဘီလာရုစ် ပြည်သူများစွာက သုံးရက်ကြာ ဆန္ဒပြခဲ့ရာမှာ လူဦးရေ ၆၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဘီလာရုစ် အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

Ref – AFKGaming