အခုအချိန်မှာ China နဲ့ ပတ်သက်တဲ့ Product တွေအတော်များများကို Boycott ပြုလုပ်နေကြပြီးတော့ ဖုန်းထဲမှာ ထည့်သွင်းထားတဲ့ Application တွေကိုလည်း တရုတ် App တွေကို အစားထိုးနေကြတာဖြစ်ပါတယ်။ အခု Article မှာတော့ JOOX Music Streaming App အစားထိုးပြီး အသုံးပြုနိုင်တဲ့ နာမည်ကြီး Music Streaming App တွေကို ဖော်ပြပေးသွားမှာပါ။

တစ်ခုရှိတာကတော့ အခုပြောသွားမယ့် Music Streaming Service တွေဟာ အကုန်လုံး အခမဲ့အသုံးပြုနိုင်မှာမဟုတ်ဘဲ လစဥ်ကြေးပေးပြီး အသုံးပြုရတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း နားထောင်နိုင်တဲ့ Audio Quality က ပိုပြီးသာလွန်ကောင်းမွန်မှာဖြစ်တဲ့အပြင် Feature တွေကလည်း ပိုပြီးစုံလင်မှာပါ။

Spotify

Spotify ကိုတော့ ဖုန်းအသုံးပြုသူအကုန်လုံးနီးပါး သိရှိပြီးဖြစ်မှာပါ။ လက်ရှိအချိန်မှာဆိုရင် Spotify မှာ Local Artist တွေလည်း အများအပြားရှိနေပြီဖြစ်တဲ့အတွက် International Music တွေတင်မဟုတ်ဘဲ Local Music တွေပါ နားဆင်နိုင်မှာပါ။

Spotify ဟာ လက်ရှိမှာအအောင်မြင်ဆုံး Music Streaming Service တစ်ခုဖြစ်နေသလို ဒါကလည်း အခမဲ့အသုံးပြုနိုင်တဲ့ Free Subscription ပါဝင်တာကြောင့်ဖြစ်ပါတယ်။ အခမဲ့အသုံးပြုမယ်ဆိုရင် VPN လိုအပ်တာ၊ Audio Quality အကောင်းဆုံးမရနိုင်တာ၊ ကိုယ်ကြိုက်တဲ့သီချင်းကို ရွေးချယ်နားထောင်မရနိုင်တာအပြင် ကြော်ငြာတွေလည်းပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် တတ်နိုင်တယ်ဆိုရင်တော့ လစဥ်ကြေးနဲ့ Premium Subscription ဝယ်ယူအသုံးပြုတာက ပိုကောင်းမှာပါ။

Apple Music

Spotify ဟာ Android ဖုန်းအသုံးပြုသူတွေအတွက် ပိုပြီးရွေးချယ်သင့်တဲ့ Music Streaming Service ဖြစ်ပေမယ့် Apple iOS Device တွေကို အသုံးပြုနေတယ်ဆိုရင်တော့ Apple Music ကို ထည့်သွင်းစဥ်းစားသင့်ပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ ၁ နှစ်ကျော်ကမှ မြန်မာနိုင်ငံအတွက် တစ်လကို လစဥ်ကြေး $2.99 ပဲ ကျသင့်မယ့် Subscription Plan ကို မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုဆိုရင် သီချင်းတွေလည်း အထိုက်အလျောက် စုံလင်နေပြီဖြစ်ပါတယ်။

ဒါပေမယ့် တကယ်လို့ ကိုယ်က Apple ID ကို US အနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ တစ်လကို Spotify လိုမျိုးပဲ $9.99 ပေးရမှာဖြစ်ပြီး နားထောင်နိုင်တဲ့သီချင်းတွေလည်း ပိုပြီးများပြားမှာဖြစ်ပါတယ်။ Apple Music ရဲ့ အားနည်းချက်ကတော့ Spotify လိုမျိုး အခမဲ့အသုံးပြုနိုင်ခြင်းမရှိတဲ့အတွက် ကျိန်းသေ Subscription Service ကို ဝယ်ယူရမှာဖြစ်ပါတယ်။

Tidal

High Quality Music Streaming Service ဖြစ်တဲ့ Tidal ဟာ အခုဆိုရင် မြန်မာနိုင်ငံအတွင်းမှာ နာမည်အနည်းငယ်ရရှိနေပြီဖြစ်ပါတယ်။ Tidal ရဲ့ အဓိက အားသာချက်ကတော့ လုံးဝ Hi-Fi နဲ့ Master Quality သီချင်းတွေကို Lossless Format ၊ MQA Format တွေနဲ့ နားထောင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Audio Quality က အရေးကြီးပြီး Headphone ကောင်းကောင်း၊ IEM ကောင်းကောင်းနဲ့ နားထောင်ဖို့ဆိုရင် ရွေးချယ်သင့်ပါတယ်။

ဒါပေမယ့် Tidal မှာ Local Music တွေနည်းပါးသလို International Music တွေအနေနဲ့လည်း Spotify နဲ့ Apple Music (US) ထက် နည်းပါးနေတာကတော့ အားနည်းချက်ဖြစ်နေပါတယ်။ နောက်ထပ် စျေးနှုန်းအနေနဲ့လည်း Hi-Fi Subscription ဟာ Apple Music နဲ့ Spotify ထက် ၂ ဆဝန်းကျင်ရှိနေမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ပုံမှန် သီချင်းနားထောင်ချင်ရုံအတွက်ဆိုရင်တော့ Tidal က မရွေးချယ်သင့်ဘူးလို့ ပြောလို့ရပါတယ်။

နောက်ထပ် Tidal ကို မရွေးချယ်သင့်တဲ့အချက်အနေနဲ့ကတော့ မကြာခင်အချိန်အတွင်းမှာ Apple Music နဲ့ Spotify တို့ကလည်း Lossless Hi-Fi Option ကို ထည့်သွင်းပေးလာမှာဖြစ်ပြီး Apple Music ဆိုရင် လက်ရှိ Subscription ကြေးထက် ထပ်တိုးကောက်ခံမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

YouTube/YouTube Music

မြန်မာသီချင်းတွေကို ရှာဖွေချင်တဲ့သူတွေအတွက် JOOX ပြီးရင် အရင်းနှီးဆုံးဖြစ်နေမှာကတော့ YouTube ပဲဖြစ်ပါတယ်။ ဒါပေမယ့် YouTube ဟာ Video Platform ဖြစ်တဲ့အတွက် Music အနေနဲ့ နားထောင်ချင်တဲ့သူတွေအတွက် အခက်အခဲအနည်းငယ်ဖြစ်နေနိုင်ပါတယ်။ အဲ့ဒါကြောင့် YouTube Music ဟာ သီချင်းကို YouTube မှာ ရှာတတ်တဲ့သူတွေအတွက် အဆင်ပြေနိုင်ပါတယ်။

YouTube Music ဟာ YouTube Premium ကိုဝယ်ယူရင် ပါဝင်မှာဖြစ်တဲ့အတွက် Music Streaming Service တင်မဟုတ်ဘဲ YouTube ကိုပါ ကြော်ငြာမပါတော့ဘဲ ကြည့်ရှုနိုင်မှာပါ။ YouTube မှာတင်ထားတဲ့ Video တွေကို Music Only အနေနဲ့ နားထောင်နိုင်တဲ့အပြင် Spotify နဲ့ Apple Music အတိုင်း သီချင်း Album တွေ၊ Artist အလိုက် နားထောင်နိုင်ဦးမှာပါ။

စျေးနှုန်းအနေနဲ့လည်း တစ်လကို $9.99 ကျသင့်မှာဖြစ်ပေမယ့် အားနည်းချက်အနေနဲ့ကတော့ အသုံးပြုဖို့အတွက် VPN ကိုအမြဲတမ်းအသုံးပြုဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် တခြားအကြောင်းကြောင်းကြောင့် YouTube Premium ကိုပါ ဝယ်ယူဖို့လိုအပ်နေတယ်ဆိုရင်တော့ ဒီ Option က ကောင်းမွန်တဲ့ရွေးချယ်မှုဖြစ်မှာပါ။

SoundCloud

SoundCloud ကလည်း မြန်မာနိုင်ငံမှာ အသုံးပြုသူများပြားပြီး Original Artist တွေထက် Cover ဆိုတာတွေကို ပိုပြီးနားထောင်ရတာ နှစ်ခြိုက်ရင်အသုံးပြုသင့်ပါတယ်။ SoundCloud မှာ Underground Artist တွေ Cover Artist အများအပြားကို တွေ့ရသလို ကိုယ်ကြိုက်နှစ်သက်တဲ့နေရာမှာ Comment ပေးနိုင်တာ၊ အသုံးပြုရတာ လွယ်ကူတာတွေက အားသာချက်ဖြစ်နေပါတယ်။

ပုံမှန်အနေနဲ့ကတော့ SoundCloud ကို အခမဲ့အသုံးပြုနိုင်မှာဖြစ်ပြီး တကယ်လို့ ကိုယ်တိုင်သီချင်းတွေကို တင်ပေးချင်တယ်၊ သို့မဟုတ် Artist အနေနဲ့ Channel ပြုလုပ်ချင်တယ်ဆိုရင်တော့ Pro Subscription ကို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ သီချင်းပဲ နားထောင်မယ်ဆိုရင်လည်း Offline နားထောင်နိုင်ပြီး ကြော်ငြာတွေကို နားမထောင်ချင်ဘူးဆိုရင် SoundCloud Go+ ကိုလည်း ဝယ်ယူနိုင်မှာပါ။ ဒါပေမယ့် ပုံမှန်သီချင်းနားထောင်ဖို့အတွက်ကတော့ SoundCloud ဟာ ဝယ်ယူဖို့မလိုအပ်ဘူးလို့ ပြောနိုင်ပါတယ်။

ဒါတွေကတော့ လက်ရှိမှာ နာမည်ကြီးနေတဲ့ Music Streaming Service တွေပဲဖြစ်ပါတယ်။ အခုပြောသွားတဲ့ Music Streaming Service တွေကို အသုံးပြုဖို့ အဆင်မပြေဘူးဆိုရင်တော့ Vidmate လိုမျိုး App တွေကနေ YouTube Video တွေကို mp3 ပြောင်းပြီးနားထောင်တာ သို့မဟုတ် တခြားသော သီချင်းတွေကို တင်ပေးနေတဲ့ Website တွေကနေ Download ပြုလုပ်ပြီး နားထောင်နိုင်မှာဖြစ်ပါတယ်။

Ref – CNET