တရုတ်အစိုးရက တရုတ်ဖုန်းမှာ တရုတ် Chip သုံးဖို့ ဖိအားပေးလုပ်ဆောင်နေချိန်မှာ TSMC ကတော့ သူ့ရဲ့ စက်ရုံကို အမေရိကန်မြေပေါ်မှာ တိုးချဲ့ဖို့ ပြုလုပ်နေပြီ ဖြစ်ပါတယ်။ TSMC ဟာ အရီဇိုးနားပြည်နယ်မှာ စက်ရုံတည်ဆောက်နေတာဖြစ်ပြီး တည်ဆောက်နေတဲ့နေရာကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက လာရောက် လည်ပတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အရီဇိုးနား စက်ရုံတည်ဆောက်မှုဟာ ခန့်မှန်းခြေတန်ဖိုး ဒေါ်လာ ဘီလီယံ ၄၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ ဒီစက်ရုံကြောင့် TSMC ရဲ့ အစီအစဉ်ကလည်း ရင်းနှီးမြှုပ်နှံမှုကို သုံးဆတိုးစေတယ်လို့ ဆိုပါတယ်။ ဒေါ်လာ ဘီလီယံ ၄၀ ပမာဏဟာ မြောက်အမေရိကမှာ နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်လာပါတယ်။ ဒါဟာ အမေရိကန်နဲ့ ဂျိုးဘိုင်ဒင်တို့အတွက် ကြီးမားတဲ့အောင်ပွဲလို ဂုဏ်ယူနိုင်တာလည်း ဖြစ်ပါတယ်။ “TSMC ရဲ့ ရင်းနှီးမြှုပ်နှံမှုကို အမေရိကန်ဆီ ယူဆောင်လာခြင်းဟာ ဂိမ်းပြောင်းလဲမှု ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်တယ်” လို့ NVIDIA ရဲ့ Huang က မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

TSMC ရဲ့ အဆိုအရ သူတို့ဟာ လက်ရှိစက်ရုံအနီးအနားမှာ ဒုတိယမြောက်အဆောက်အအုံတစ်ခု တည်ဆောက်မှာဖြစ်ပြီး ၂၀၂၆ ခုနှစ်မှာ အဆင့်မြင့် N3 (3nm) chip တွေကို ပံ့ပိုးပေးမှာဖြစ်ကြောင်း သိရပါတယ်။ လက်ရှိစက်ရုံဟာ နောက်ဆုံးပေါ် Chip တွေကို တီထွင်နိုင်မှာ ဖြစ်ပါတယ်။ Plant နှစ်ခုဟာ တစ်နှစ်ကို Wafers 600,000 ကျော် ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။ ခန့်မှန်းခြေထုတ်ကုန်တန်ဖိုးကလည်း တူညီတဲ့ ဒေါ်လာ ဘီလီယံ ၄၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်ဟာ ငွေကြေးဖောင်းပွမှုဒဏ်ကြောင့် ဖြစ်နိုင်ခြေရှိတဲ့ စီးပွားရေးကျဆင်းမှုဆီကို ဦးတည်နေပြီ ဖြစ်ပါတယ်။ ဒီစက်ရုံစီမံကိန်းဟာ မှန်ကန်တဲ့အချိန်မှာ ရောက်ရှိလာတယ်လို့ဆိုနိုင်ပြီး Phoenix စက်ရုံတွေဟာ အဆင့်မြင့် နည်းပညာအလုပ်ပေါင်း 10,000 ကို ဖန်တီးဖို့ ပစ်မှတ်ထားပြီး TSMC အလုပ်ပေါင်း 4,500 ပါဝင်မယ်လို့လည်း သိရပါတယ်။

နောက်တစ်ချက်တော့ TSMC ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ တရုတ်ရဲ့ဖိအားပေးခြင်းခံနေရတဲ့ ထိုင်ဝမ်အတွက်ရော၊ နည်းပညာနဲ့စီးပွားရေးပိတ်ဆို့မှုပြုလုပ်နေတဲ့ အမေရိကန်အတွက်ပါ အချင်းချင်းကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေတဲ့ အကျိုးအမြတ်ကို ဖြစ်ပေါ်စေမှာပဲ ဖြစ်ပါတယ်။

Ref: Gizchina