Microsoft ရဲ့ ပူးတွဲတည်ထောင်သူ Bill Gates က ပရဟိတ လုပ်ငန်းတွေအတွက် အချိန်ပိုပေးချင်လို့ ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ သူက တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးနဲ့ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးတွေမှာ အာရုံစိုက်ချင်တယ်လို့ ပြောပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက ၁ ယောက်ဖြစ်တဲ့ Gates ဟာ အသက် ၆၅ နှစ်ရှိပြီ ဖြစ်ပြီး Warren Buffett ရဲ့ Berkshire Hathaway ကုမ္ပဏီ ဘုတ်အဖွဲ့ကနေလည်း ထွက်ခွာခဲ့ပြီးပါပြီ။

Gates ဟာ ၂၀၀၈ ခုနှစ်ကစပြီး Microsoft မှာ သူ့ရဲ့ ရာထူးတွေကို တစ်ဖြည်းဖြည်းလျှော့ချလာပါတယ်။ သူက “ Microsoft ဟာ သူ့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ထာဝရရှိနေမှာ ဖြစ်ပြီး ဘုတ်အဖွဲ့က ထွက်ပေမယ့် အကြံပေး အဖြစ် ရှိနေဦးမှာပါ။ လုပ်ဖော်ကိုင်ဖက်နဲ့ မိတ်ဖက် ကုမ္ပဏီတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေဦးမှာပါ။ ကျွန်တော် အမြဲ ဂုဏ်ယူနေရတဲ့ ကုမ္ပဏီ ၂ ခုအတွက် ဆက်လက် ကူညီပေးနေဦးမှာဖြစ်သလို ကမ္ဘာကြီးရဲ့ အခက်ခဲဆုံး စိန်ခေါ်မှုတွေကို ဦးစားပေး ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Forbes ရဲ့ စာရင်းအရ Gates ဟာ ကမ္ဘာ့ ဒုတိယ အချမ်းသာဆုံး ဖြစ်ပြီး Amazon တည်ထောင်သူ Jeff Bezos ကတော့ ဒေါ်လာ ၁၀၃.၆ ဘီလီယမ်နဲ့ ပထမနေရာကိုသိမ်းပိုက်ထားပါတယ်။ Gates ဟာ ကောလိပ်ကျောင်း မပြီးခင် ထွက်လာပြီးနောက်မှာ ငယ်သူငယ်ချင်း Paul Allen နဲ့အတူ Microsoft ကို တည်ထောင်ခဲ့ပါတယ်။ IBM အတွက် Operating System (MS-DOS) ကို ဖန်တီးခွင့်ရခဲ့တဲ့ ၁၉၈၀ ခုနှစ်မှာ Microsoft ဟာ အရမ်းကို အောင်မြင်လာခဲ့တာပါ။

Microsoft ကို ၁၉၈၆ ခုနှစ်မှာ အများပိုင် ကုမ္ပဏီ အဖြစ် ပြောင်းလဲခဲ့ပြီး ၁ နှစ်အတွင်းမှာ အသက် ၃၁ နှစ်ရှိ Gates ဟာ အသက်အငယ်ဆုံး ဘီလီယမ်နာ ဖြစ်လာခဲ့ပါတယ်။ သူဟာ ဇနီးသည်နဲ့အတူ Bill & Melinda Gates Foundation ကို တည်ထောင်ထားပြီး ၂၀၁၇ ခုနှစ်မှာ Foundation အတွက် ဒေါ်လာ ၄.၈ ဘီလီယမ်လှူဒါန်းခဲ့ပြီးနောက် The Chronicle of Philanthropy က ၂၀၁၈ ခုနှစ်အတွက် အမေရိကန်ရဲ့ အလှူအတန်း အရက်ရောဆုံး ပရဟိတသမားတွေ အဖြစ် သူတို့ ဇနီးမောင်နှံကို ရွေးချယ်ခဲ့ပါတယ်။

Ref : bbc