Xiaomi က Black Shark 3 နဲ့ Black Shark 3 Pro ကို ကြေညာလိုက်ပါပြီ။ အဲဒီဖုန်းတွေမှာ 5G ပါတဲ့ Snapdragon 865 Processor မောင်းနှင်ထားပြီး စတုတ္ထမျိုးဆက် Liquid Cooling စနစ် ထည့်သွင်းထားပါတယ်။ USB-C ကနေ 65W Charging နဲ့ အနောက်ဘက်က Magnetic Charging Port ကနေ 18W Charging ကို ထောက်ပံ့တဲ့အတွက် အားသွင်းနှုန်းက တော်တော်လန်းပါတယ်။

Black Shark 3 မှာ 4,720mAh ဘက်ထရီနဲ့ Pro မှာ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပြီး ၁၂ မိနစ်မှာ ၅၀ ရာခိုင်နှုန်းနဲ့ ၃၈ မိနစ်အတွင်းမှာ အားအပြည့်သွင်းပေးနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ ဖုန်း ၂ လုံးဟာ မျက်နှာပြင် အရွယ်အစား ကွာခြားပါတယ်။ Black Shark 3 မှာ ၆.၆၇ လက်မ FHD+ OLED မျက်နှာပြင်နဲ့ Pro မှာ ၇.၁ လက်မ 3120×1440 OLED မျက်နှာပြင် ထည့်သွင်းထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 270Hz Touch Sampling Rate ထောက်ပံ့ပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ 90Hz Refresh Rate ပဲ ပါလာပါတယ်။ အနောက်ဘက်မှာ 64MP+13MP Ultra-wide+5MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာတွေ ထည့်သွင်းထားပါတယ်။ UFS 3.0 Storage နဲ့ LPDDR5 RAM တွေက လန်းပါတယ်။ Gaming ဖုန်း ဖြစ်တဲ့ အတွက် ဂိမ်းအသားပေး လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။ မျက်နှာပြင်မှာ ဖိအား အာရုံခံနိုင်တဲ့ ဇုန်တွေ ပါလာပြီး ဂိမ်းကစားရင် သုံးနိုင်ပါတယ်။

Pro မှာ Master Buttons လို့ ခေါ်တဲ့ Shoulder Buttons ၂ ခု ပါလာပြီး Asus ROG Phone ရဲ့ Capacitive Triggers ထက် ပိုလန်းတဲ့ Physical Shoulder Buttons တွေ ဖြစ်ပါတယ်။ တရုတ်မှာ Black Shark 3 ကို မတ်လ ၃ ရက်နေ့နဲ့ Pro ကို ၁၀ ရက်နေ့မှာ ရောင်းမှာပါ။ Black Shark 3 ရဲ့ 8/128GB ကို ၃,၄၉၉ ယွမ် ၊ 12/128GB ကို  ၃,၇၉၉ ယွမ်နဲ့ 12/256GB ကို ၃,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သိန်း ၁ သောင်း၊ ၇ သိန်း ၇ သောင်းနဲ့ ၈ သိန်း ၁ သောင်း အသီးသီး ကျသင့်မှာပါ။ Pro ရဲ့ 8/256GB ကို ၄,၆၉၉ ယွမ်နဲ့ 12/256GB ကို ၄,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်း ၅ သောင်းနဲ့ ၁၀ သိန်း ၂ သောင်းလောက် ရှိပါတယ်။

Ref : androidauthority