Xiaomi ဟာ ပြီးခဲ့တဲ့နှစ်အစောပိုင်းတုန်းက 100W Fast Charging စနစ်ကို ထုတ်ပြခဲ့ဖူးပေမယ့် အဆိုပါ Fast Charging စနစ်ကို အသုံးပြုထားတဲ့ စမတ်ဖုန်းကိုတော့ အခုအချိန်အထိ မိတ်ဆက်နိုင်ခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် လက်ရှိအချိန်မှာ OPPO နဲ့ realme ရဲ့ 65W Fast Charging စနစ်ကပဲ စမတ်ဖုန်းတွေထဲမှာ အမြန်ဆန်ဆုံးဖြစ်နေတယ်လို့ ပြောရမှာပါ။

မကြာခင်မှာတော့ Lenovo ကနေ Legion Gaming Phone ဆိုပြီး 90W Fast Charging ပါဝင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်သွားမယ်ဆိုပြီး အတည်ပြုထားခဲ့တဲ့အတွက် အဆိုပါ စမတ်ဖုန်းထွက်ရှိလာတဲ့အချိန်ကျရင် အမြန်ဆုံး Fast Charging စနစ်ပါဝင်တဲ့ဖုန်းဖြစ်လာဦးမှာပါ။ ဒါတင်မဟုတ်သေးဘဲ အခုနောက်ဆုံးထွက်ရှိထားတဲ့သတင်းတစ်ခုအရ Xiaomi ကလည်း 100W နဲ့အထက် Fast Charging ပါဝင်တဲ့ စမတ်ဖုန်းကို မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

အဆိုပါသတင်းကိုတော့ Weibo Leakster တစ်ဦးက ဖော်ပြခဲ့တာဖြစ်ပြီး Xiaomi Mi Series ဖုန်းအနေနဲ့ထွက်ရှိလာမှာတော့မဟုတ်ဘဲ Xiaomi ရဲ့ Gaming Phone Sub-Brand ဖြစ်တဲ့ Black Shark အောက်ကနေ ထွက်ရှိလာမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာကတော့ Black Shark 4 Pro လိုမျိုး Flagship ဖုန်းဖြစ်လာနိုင်ပါတယ်။

ယခင်တုန်းက Xiaomi China ရဲ့ President နဲ့ Redmi Brand ရဲ့ General Manager ဖြစ်တဲ့ Lu Weibing ကနေ 100W Fast Charging စနစ်ဟာ အစောပိုင်းအဆင့်မှာပဲရှိနေသေးတယ်ဆိုပေမယ့် မကြာခင်မှာ အမြောက်အများထုတ်လုပ်နိုင်ဖို့ နီးစပ်နေပြီလို့ ပြောကြားခဲ့တဲ့အတွက် ဒီလိုမျိုး Black Shark ကနေ 100W နဲ့အထက် Fast Charging ပါဝင်တဲ့ Flagship ဖုန်းမိတ်ဆက်နိုင်ဖို့က ပိုပြီး ဖြစ်နိုင်ခြေများနေပါတယ်။

ဒါပေမယ့်လည်း အခုလိုမျိူး အလွန်မြန်ဆန်တဲ့ 100W နဲ့အထက် Fast Charging ဟာ စမတ်ဖုန်းရဲ့ Battery Capacity ကျဆင်းနိုင်တာ၊ ရေရှည်စွမ်းဆောင်ရည်ကျဆင်းနိုင်တာနဲ့ လုံခြုံရေးအားနည်းချက်တွေရှိတဲ့အတွက် Xiaomi အနေနဲ့ တကယ် Black Shark ဖုန်းအသစ်မှာထည့်သွင်းလာနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – Giz China