iPhone 14 စီးရီးရဲ့ Display Panel တွေကို လာမဲ့လမှာ စတင်ပြီးထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။ နောက်ဆုံးသတ်မှတ်ရက်အတွက် စိုးရိမ်ပူပန်စရာမရှိတဲ့ Supplier တွေထဲမှာ BOE လည်း ပါဝင်တယ်ဆိုပေမဲ့ အခုအချိန်မှာတော့ တရုတ်ကုမ္ပဏီဟာ စိုးရိမ်စရာအချို့ နဲ့ရင်ဆိုင်ရဖွယ်ရှိလာတာပဲ ဖြစ်ပါတယ်။


BOE ရဲ့ စိုးရိမ်ပူပန်ရမှုက Apple ရဲ့ ဆုံးဖြတ်ချက်ပေါ်မူတည်နေပါတယ်။ ပြဿနာအစက iPhone 13 အတွက် ထုတ်လုပ်နေတဲ့ OLED တွေပါပဲ။ BOE ဟာ iPhone 13 ရဲ့ OLED မျက်နှာပြင်အတွက် Display Driver ICs ကို အပြောင်းအလဲလုပ်လိုက်တာကြောင့်ပါပဲ။

BOE ဟာ Display Driver ICs လိုအပ်ချက်ကို သူ့သဘောနဲ့သူဖြေရှင်းလိုက်ပြီး Apple ကိုလည်း အသိမပေးခဲ့ပါဘူး။ Apple က သိရှိသွားချိန်မှာတော့ iPhone 13 အတွက် OLED ထုတ်လုပ်ခြင်းကို ရပ်တန့်ထားဖို့ ဆုံးဖြတ်လိုက်တာပါ။ နောက်ဆက်တွဲကတော့ iPhone 14 အတွက် Display ထောက်ပံ့ခွင့်ကိုလည်း ထိခိုက်လာနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။


BOE ဟာ အခုအချိန်အထိ iPhone 14 စီးရီးအတွက် အမှာစာတွေ ရရှိတဲ့အရိပ်အယောင် မတွေ့ရသေးပါဘူး။ ဖြစ်ပွားခဲ့တဲ့ပြဿနာအတွက် BOE ရဲ့ ထိပ်တန်းဝန်ထမ်းအချို့ Apple ဆီ သွားရောက် ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ ဒါပေမဲ့ ကုမ္ပဏီကတော့ ပြတ်သားတဲ့ တုံ့ပြန်မှုတစ်ခုမှ မလုပ်သေးတာလည်း တွေ့ရပါတယ်။

Apple ဟာ iPhone 14 အတွက် OLED panel ပေါင်း သန်း ၃၀ ကို BOE ဆီကနေမှာယူဖို့စီစဉ်ခဲ့ပေမဲ့လည်း အခုအချိန်မှာတော့ ဒီအမှာစာတွေဟာ Samsung နဲ့ LG တို့ဆီပဲ ရောက်သွားမဲ့အခြေအနေ ဖြစ်ပါတယ်။

Ref: Phone Arena