နာမည်ကျော်ဂိမ်းကုမ္ပဏီ Supercell ဟာ သူတို့ရဲ့ ဂိမ်းသစ် Brawl Stars ကို လူစိတ်ဝင်စားဖို့ တွန်းအားထပ်ပေးတဲ့ အနေနဲ့ လူကြိုက်များ ကေပေ့ါပ်အဖွဲ့ BlackPink အဖွဲ့ဝင် Lalisa “Lisa” Manoban ကို Ambassador ခန့်အပ်လိုက်ပါတယ်။

Supercell ဟာ COC (Clash of Clans), Hay Day, Clash Royale, Boom Beach တို့လို ဂိမ်းတွေနဲ့ မိုဘိုင်းဂိမ်း တစ်ခေတ်ပြောင်းကာလမှာ စူပါဂိမ်းကုမ္ပဏီကြီးတစ်ခု ဖြစ်လာခဲ့သူပါ။ Brawl Stars ကတော့ ၂၀၁၈ ခုနှစ်ကမှ တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပေးခဲ့တဲ့ အခမဲ့မိုဘိုင်းဂိမ်းဖြစ်ပြီး 3 vs 3 MOBA ဂိမ်းတစ်ခု ဖြစ်ပါတယ်။

အသက် ၂၃ နှစ်ရှိပြီဖြစ်တဲ့ Lisa ဟာ ထိုင်းလူမျိုးဖြစ်သော်လည်း တောင်ကိုရီးယားအဖွဲ့ BlackPink အဖွဲ့ဝင်အဖြစ် လှုပ်ရှားနေပြီး လက်ရှိ လူကြိုက်အများဆုံး ကေပေါ့ပ်အဖွဲ့တွေထဲက တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

သူမကို Brawl Stars China ကနေ ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်တာကြောင့် Brawl Stars ရဲ့ တရားဝင် Weibo အကောင့်မှာ ဂိမ်းထဲက ကာရိုက်တာ Brawler Spike ရုပ်လေးကို ကိုင်ထားတဲ့ Lisa ကနေ မိတ်ဆက်စကားပြောထားတဲ့ ဗီဒီယိုလေးကို အခုလို တင်လာခဲ့ပါတယ်။

Ref – OneEsports