ဒီနေ့ခေတ်မှာ ပညာရေ:အတွက်ပဲဖြစ်ဖြစ်၊ အလုပ်အတွက်ပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးအတွက်ပဲဖြစ်ဖြစ် Laptop တစ်လုံးကတော့ ရှိသင့်နေပါပြီ။ အချို့ကတော့ Laptop လို့ပြောလိုက်တာနဲ့ ဈေးကြီးတယ်လို့ ဆိုကြပါလိမ့်မယ်။ အချို့ကကျတော့လည်း Second Hand၊ ဒါမှမဟုတ် Showroom display လို့ဆိုတဲ့ အမျိုးအစားကိုပဲ ဈေးသက်သက်သာသာနဲ့ ဝယ်ယူဖို့အားသန်ကြတာကို တွေ့ရပါတယ်။

ဖြစ်နိုင်ရင်တော့ Laptop ဝယ်မယ်ဆိုရင် ကိုယ်နဲ့သင့်တော်မယ့် အမျိုးအစားကိုရွေးပြီး အသစ်ဝယ်တာက အကောင်းဆုံးပါပဲ။ ကိုယ်က ဘာအတွက် Laptop ကို အသုံးပြုမှာလဲဆိုတဲ့ မေးခွန်းက ဘယ်လို Laptop ဝယ်မှာလဲဆိုတာအတွက် အတော်လေးကို အရေးကြီးတဲ့မေးခွန်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် High Graphic work တွေ လုပ်မှာမဟုတ်ဘဲနဲ့ ဒေါ်လာ ၆၀၀ နဲ့အထက် Laptop တွေဝယ်မိတာမျိုးက ငွေကိုဖြုန်းတီးလိုက်သလိုမျိုးပဲ ဖြစ်နေပါလိမ့်မယ်။

အကယ်၍ စာဖတ်သူဟာ Office Work တွေ အများကြီးမလုပ်ဘဲ Online Class တွေ တက်ဖို့ပဲဖြစ်ဖြစ်၊ Online meeting တွေ လုပ်ဖို့ပဲဖြစ်ဖြစ်၊ Web browsing, Video နဲ့ Audio Streaming လုပ်တာမျိုးပဲဖြစ်ဖြစ် ဈေးနည်းနည်းနဲ့ ကောင်းမွန်တဲ့ကွန်ပျူတာတစ်လုံးလိုအပ်လာပြီဆိုရင်တော့ Chromebook တွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ အကြံပေးပါရစေ။

Chromebook တွေဟာ အခြေခံအားဖြင့် ဒေါ်လာ ၂၀၀ ပတ်ဝန်းကျင်မှာပဲရှိပါတယ်။ များသောအားဖြင့် အထက်တန်းကျောင်းသားတွေအတွက် Recommend ပေးလေ့ရှိတဲ့အမျိုးအစားဖြစ်ပါတယ်။ ဒါပေမယ့် Chromebook လေးတွေဟာ သေးငယ်ပြီး၊ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်နိုင်တဲ့အတွက် လုပ်ငန်းခွင်ဝင်နေသူအချို့လည်း ထည့်သွင်းစဉ်းစားနိုင်ပါတယ်။

ChromeOS ဟာ ပိုပြီးမြန်ဆန်ပါတယ်။ ပြီးတော့ ပိုပြီးလည်း လုံခြုံစိတ်ချရသလို၊ အသုံးပြုရတာလည်း လွယ်ကူပါတယ်။ User friendly ဖြစ်တဲ့အတွက် ကွန်ပျူတာနဲ့ စိမ်းတဲ့သူတွေတောင် လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ရှင်းရှင်းလင်းလင်းသိထားဖို့က Chromebook ဟာ Windows laptop မဟုတ်ဘူးဆိုတာကိုပါပဲ။ ဒါကြောင့် Windows မှာ ရတဲ့ လုပ်ဆောင်ချက်တွေကိုတော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။

စာဖတ်သူအနေနဲ့ Gaming, Multi-tasking, Video Edition, Photoshop, စတာတွေကို အသုံးပြုချင်ရင်တော့ Chromebook ကို လက်ရှောင်လိုက်ပါ။ အထူးသဖြင့် ဒေါ်လာ ၂၀၀ အောက် Chromebook တွေမှာ ဒါမျိုးတွေမရပါဘူး။ နောက်တစ်ချက်က Build in storage နည်းလွန်းပါတယ်။ ဥပမာပြောရမယ်ဆိုရင် ဒေါ်လာ ၂၀၀ စွန်းစွန်းတန်ကြေးရှိတဲ့ Samsung Chromebook 4 ဟာ 32GB eMMC ပဲ ထည့်သွင်းပေးထားပါတယ်။ CPU ကလည်း Intel Celeron Processor N4000 ဖြစ်ပြီး RAM 4GB 2133GHz ပဲ ထောက်ပံ့ထားတာပါ။

အကောင်းဘက်ကပြောရမယ်ဆိုရင်တော့ Storage က ပြဿနာမဟုတ်ပါဘူး။ ဒီခေတ်မှာ Cloud storage တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပါပြီ။ နောက်တစ်ချက်က ရှိသမျှ Data တွေကို Laptop တစ်လုံးထဲမှာပဲ စုပြုံထည့်ထားတာမျိုးမဟုတ်တော့ပါဘူး။ External Hard Disk တွေက ကွန်ပျူတာသုံးသူအတော်များများရဲ့ အကြိုက်ဖြစ်နေပါပြီ။

ဈေးသက်သာတယ်၊ Performance က လက်ခံနိုင်တဲ့အနေအထားမှာရှိတယ်၊ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်သွားနိုင်ပြီး ဘက်ထရီသက်တမ်းကလည်း အနည်းဆုံး ၁၀ နာရီနဲ့အထက် အသုံးပြုနိုင်ကြတာတွေက Chromebook တွေကို ကြိုက်ကြရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် Chromebook တွေမှာလည်း အားနည်းချက်တွေ တစ်ပုံတစ်ပင်နဲ့ဖြစ်ပါတယ်။ Chromebook ကို မဝယ်သင့်တဲ့သူတွေနဲ့၊ ဘာကြောင့်မဝယ်သင့်သလဲဆိုတဲ့အကြောင်းကို နောက်ထပ် Article တစ်ပုဒ်အနေနဲ့ သပ်သပ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။

Ref: Google