မြန်မာနိုင်ငံရဲ့ Mobile Legends MPL-MM Season 4 ချန်ပီယံ Burmese Ghouls အသင်းဟာ ကြိုတင်ကြေညာထားတဲ့ အတိုင်း 4 Nations Cup လို့ခေါ်တဲ့ နိုင်ငံတကာအဆင့် MLBB ဖိတ်ခေါ်ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ခဲ့ရာမှာ တတိယနေရာကို ရရှိခဲ့ပါတယ်။

မြန်မာကိုယ်စားပြုအဖြစ် MPL-MM Season 4 ကို အနိုင်ရရှိခဲ့တဲ့ Burmese Ghouls တစ်သင်းသာ ဒီပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရပေမယ့် ရှုံးထွက်အဆင့်ကနေ စတင်ယှဉ်ပြိုင်ခဲ့ရပါတယ်။

ရှုံးထွက်အဆင့်ကို အင်ဒိုနိုင်ငံ MPL ပထမနဲ့ ဒုတိယ၊ စင်ကာပူ/မလေးရှား MPL မှ ပထမနဲ့ဒုတိယ အသင်းတွေကလည်း တိုက်ရိုက်တက်ရောက်ခဲ့ရပြီး Group သုံးခုကနေ အနိုင်ရလာတဲ့ ၃သင်းနဲ့ စုစုပေါင်း ၈ သင်း ဖြစ်ပါတယ်။ အင်ဒိုမှ RRQ, Evos Legends, Aerowolf, Onic Esports, Alter Ego တို့ပါဝင်ခဲ့ပြီး စင်ကာပူမှ Resurgence နဲ့ မလေးရှားမှ Geek Fam တို့လည်း ရှုံးထွက်အဆင့်ကို ရောက်ရှိခဲ့ပါတယ်။

Burmese Ghouls ဟာ ပွဲဦးထွက်မှာ Resurgence အသင်းကို ၂ – ၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး Lower Bracket ကို ဆင်းခဲ့ရပေမယ့် ဒေသတွင်း အင်အားကြီး Esports အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Geek Fam ကို Lower Bracket ပွဲစဉ်မှာ နှစ်ပွဲပြတ် ပြန်အနိုင်ရခဲ့ပြီး နောက်ဆုံးလေးသင်းအဆင့်ကို ရောက်ရှိခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ မြန်မာ Esports အတွက် ဂုဏ်ယူစရာခြေလှမ်းတစ်ခုအဖြစ် အင်ဒိုရဲ့ နာမည်အကြီးဆုံး MLBB အသင်းဖြစ်သလို မနှစ်ကကျင်းပခဲ့တဲ့ M1 ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲ ချန်ပီယံ (လက်ရှိကမ္ဘာ့ချန်ပီယံ) ဖြစ်တဲ့ Evos Legends ကိုပါ နှစ်ပွဲပြတ်နဲ့ ဆက်တိုက်အနိုင်ရရှိခဲ့ပြီး နောက်ဆုံးသုံးသင်းအဆင့်ကို တက်ရောက်ခဲ့တာပါ။

ဒါပေမယ့် Lower Bracket Finals ပွဲစဉ်မှာတော့ Resurgence အသင်းနဲ့ပဲ ထပ်မံတွေ့ဆုံခဲ့ပြီး ၂ – ၁ ရလဒ်နဲ့ ထပ်မံရှုံးနိမ့်ခဲ့ရပါတယ်။ Burmese Ghouls အသင်းဟာ ဒီပြိုင်ပွဲမှာ အကောင်းဆုံးပုံစံတစ်ခုကို ပြသနိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက်လုံးမှာ Resurgence တစ်သင်းကိုသာ ရှုံးနိမ့်ခဲ့တာလို့တောင် ပြောနိုင်ပါတယ်။

နောက်ဆုံးဂရင်းဖိုင်နယ်ပွဲစဉ်မှာ RRQ နဲ့ Resurgence တို့ ယှဉ်ပြိုင်ခဲ့ရပြီး ပြိုင်ပွဲတလျှောက်လုံး ရှုံးပွဲတစ်ပွဲမှ မတွေ့ခဲ့တဲ့ RRQ က ဖိုင်နယ်မှာပါ သုံးပွဲပြတ် အနိုင်ယူပြသွားခဲ့ပါတယ်။ RRQ ဟာ အခုပြိုင်ပွဲမှာ ပွဲစဉ်လေးတစ်ပွဲတောင် မရှုံးခဲ့ဘဲ Evos Legends ကို နှစ်ပွဲပြတ်၊ Resurgence ကို နှစ်ပွဲပြတ်နဲ့ ဖိုင်နယ်မှာ Resurgence ကို နောက်တစ်ခါ သုံးပွဲပြတ် အံ့ဩစရာ အစွမ်းပြအနိုင်ခဲ့ရတာ ဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Mobile Legends: Bang Bang ဂိမ်းရဲ့ လူဆော့အများဆုံး Region ဖြစ်တဲ့ SEA (အရှေ့တောင်အာရှ) ဒေသမှ အင်အားအကြီးဆုံးအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရာမှာ မြန်မာကိုယ်စားပြု တစ်သင်းတည်းသွားပြိုင်ခဲ့ရတဲ့ Burmese Ghouls ဟာ တတိယနေရာကို ထပ်မံရယူနိုင်ခဲ့တာကြောင့် ဒေသတွင်း Esports မြင်ကွင်းမှာ မြန်မာအလံကို ဂုဏ်ယူစရာ လွှင့်ထူနိုင်ခဲ့တာတော့ အမှန်ပါပဲ။

Photo Credits – MLBB and Burmese Ghouls Social Media Accounts