အိန္ဒိယဟာ တရုတ် Application ၅၉ ခုကို နိုင်ငံတွင်း သုံးစွဲခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် အပြီးတိုင်ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါကြောင့် ပိတ်ပင်မှုမှာ ပါဝင်တဲ့ကုမ္ပဏီတွေအနေနဲ့ အိန္ဒိယကနေ ထွက်ခွာရတော့မှာ ဖြစ်ပါတယ်။

တရုတ်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ ByteDance ရဲ့ TikTok ဟာ အိန္ဒိယမှာ ကြီးမားတဲ့အောင်မြင်မှုကိုရရှိနေပေမယ့် အခုတော့ အစိုးရရဲ့မူဝါဒအရ ရပ်နားရ တော့မှာ ဖြစ်ပါတယ်။ ByteDance ကတော့ သူတို့ရဲ့ ပလက်ဖောင်းဟာ အိန္ဒိယအစိုးရ စိုးရိမ်သလိုမဟုတ်ဘဲ အသုံးပြုသူရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို ထိန်းသိမ်းကြောင်း တုံ့ပြန်ခဲ့ပေမယ့် အရာမထင်ဖြစ်ခဲ့ရပါတယ်။

အခုတော့ ByteDance ဟာ အိန္ဒိယကနေ ထွက်ခွာတော့မှာဖြစ်ပြီး ကုမ္ပဏီရဲ့ ဒေသတွင်းဝန်ထမ်းအင်အားစု ၂၀၀၀ ကျော်ရှိတဲ့ လုပ်ငန်းလည်ပတ်မှုကိုလည်း လျှော့ချတော့မှာဖြစ်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် လျှော့ချမယ့် ဝန်ထမ်းအရေအတွက်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။ ကုမ္ပဏီရဲ့ ကြေညာချက်ထဲမှာ သူတို့ဟာ အိန္ဒိယနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိခိုက်စေတဲ့လုပ်ရပ်တွေ မလုပ်ဆောင်ကြောင်းနဲ့ ပိတ်ပင်ခံရတဲ့လက်ရှိအခြေအနေဟာ ခဏတာပဲဖြစ်မယ်လို့မျှော်လင့်ခဲ့ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

အိန္ဒိယနဲ့ တရုတ်တို့ နယ်စပ်ပြဿနာအငြင်းပွားမှုဖြစ်ပွားပြီးနောက်ပိုင်းမှာ တင်းမာမှုတွေကြီးထွားလာပြီးတဲ့နောက် သွင်းကုန်ပစ္စည်းပိတ်ဆို့မှုတွေလည်း ဖြစ်ပေါ်ခဲ့သလို၊ Application ပေါင်း ၂၀၀ ကျော်ကိုလည်း ပိတ်ပင်မှုတွေ ဖြစ်ပေါ်လာပါတယ်။ အိန္ဒိယဟာ TikTok အတွက်အကြီးမားဆုံးဈေးကွက်တစ်ခုလည်းဖြစ်ပြီး ByteDance ဟာ ဒေသတွင်းရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၁ ဘီလီယံ အသုံးပြုဖို့စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

Ref: GSM Arena