နာမည်ကြီးဂိမ်းစီးရီးတစ်ခုဖြစ်တဲ့ Call of Duty ဟာ Live-action ရုပ်ရှင်အသွင်ကူးပြောင်းဖို့ စကားစထားပြီး ၂၀၁၈ မှာ ရုံတင်မယ်လို့ ကနဦးကြေညာခဲ့ပေမယ့် အခုထိ မမြင်ရသေးပါဘူး။ တိုးတက်မှုတစ်ခုအနေနဲ့ လောလောလတ်လတ် အော်စကာဆန်ကာတင်ပါထားတဲ့ Joker ကားရဲ့ ဇာတ်လမ်းဇာတ်ညွှန်းသမား Scott Silver ကိုခေါ်ယူလိုက်ပေမယ့် ထွက်ရှိရက်ကိုတော့ အတိအကျမဖော်ပြခဲ့သေးပါ။

ဒီကားကို ဒါရိုက်တာ Stefano Sollima က ဦးဆောင်ရိုက်ကူးမှာဖြစ်ပြီး ကုမ္ပဏီဘက်က မစတင်သေးသရွေ့တော့ အခုတိုင်း ကြာနေဦးမှာဖြစ်ပါတယ်။ Call of Duty ဟာ လူကြိုက်အများဆုံးဂိမ်း Franchise တွေထဲက တစ်ခုလို့ ဆိုနိုင်ပြီး သူ့ရဲ့ ပထမဆုံးဇာတ်ကားအတွက် Sollima ကို အရင်ဆုံးခေါ်ယူခဲ့ကာ သတ်မှတ်ရက်အမီ ထုတ်လုပ်ဖို့တော့ ပျက်ကွက်ခဲ့ပါတယ်။

ဗီဒီယိုဂိမ်းကို ရုပ်ရှင်အသွင်ကူးပြောင်းရာမှာ ဂိမ်းပလက်ဖောင်းမှာလောက် လူကြိုက်များဖို့ ခက်သလို နှောင့်နှေးမှုတွေ ကြုံရတာလည်း အဆန်းတော့မဟုတ်ပါဘူး။ Sony ရဲ့ Uncharted ရုပ်ရှင်ဆိုရင် ၂၀၀၈ ခုနှစ်ထဲက ရိုက်ကူးဖို့ ကြေညာထားခဲ့ပေမယ့် မနှစ်ကမှ ဦးဆောင်ပါဝင်မယ့် သရုပ်ဆောင်ကို ရွေးချယ်နိုင်ခဲ့ပါတယ်။

ဒါရိုက်တာ Sollima ဟာ အော်စကာဆန်ကာတင်ရုပ်ရှင်နှစ်ကားဖြစ်တဲ့ The Fighter နဲ့ Joker တို့အတွက် ဇာတ်ညွှန်းရေးခဲ့သူ Scott Silver နဲ့အတူ Call of Duty ရုပ်ရှင်ကို ပူးပေါင်းဖန်တီးရတော့မှာဖြစ်ပါတယ်။ Joker ရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးရုပ်ရှင်အော်စကာဆု ဆန်ကာတင်ဝင်ခဲ့ပြီး မင်းသား Joaquin Phoenix ကတော့ Joker ဇာတ်ရုပ်နဲ့ အကောင်းဆုံးမင်းသားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် အသက်ငယ်သူတွေမကြည့်ရတဲ့ R-rated ရုပ်ရှင်ဖြစ်ခဲ့သော်လည်း ရုံဝင်ငွေ အမေရိကန်ဒေါ်လာတစ်ဘီလီယံထိ ရောက်ရှိခဲ့တာကြောင့် ငွေကြေးအရလည်းအောင်မြင်ခဲ့သလို ဒေါ်လာတစ်ဘီလီယံရတဲ့ ပထမဆုံး R-rated ရုပ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Call of Duty ရုပ်ရှင်ဟာ အခုမှ ဇာတ်ညွှန်းဆရာကို ခေါ်ယူခဲ့တာဖြစ်လို့ အကြိုထုတ်လုပ်ရေး (Pre-production Stage) အဆင့်မှာပဲ ရှိသေးတယ်လို့ ယူဆနိုင်ပါတယ်။ ဟောလိဝုဒ် Blockbuster ကားကြီးတွေဟာ ဒီအချိန်ကနေ စတွက်ရင် ပျမ်းမျှသုံးနှစ်ကြာမှ အစအဆုံးပြီးတာဖြစ်လို့ ၂၀၂၂ ဝန်းကျင်မှာ မြင်ရနိုင်ပြီး အခုနှစ်မဟုတ်တောင် နောက်နှစ်ထဲမှာတော့ ဒီကားရဲ့ ပထမဆုံး Teaser ကို မျက်မြင်တွေ့ရလောက်ပါတယ်။

Ref – Dotesports