ဈေးကွက်လေ့လာရေး အဖွဲ့အစည်း Canalys ရဲ့ စစ်တမ်းအရ ၂၀၂၁ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်းမှာ စမတ်ဖုန်း  ရောင်းအားဟာ အရင်နှစ် ကွာတား ၃ ထက် ၆ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သိရပါတယ်။ ကမ္ဘာအဝန်း Chipset ပြတ်တောက်မှု အပါအဝင် စမတ်ဖုန်း အစိတ်အပိုင်း မလုံလောက်မှုကြောင့် စမတ်ဖုန်း ရောင်းအား ဒီလို ကျဆင်းသွားတာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက စမတ်ဖုန်း အစိတ်အပိုင်းတွေ လုံလောက်ဖို့ အနည်းဆုံး နောက်ထပ် ၁ နှစ်လောက်ကြာဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Canalys: Samsung shipped the most phones during Q3, market declined by 6%

ဒီနှစ် ကွာတား ၃ ရဲ့ စမတ်ဖုန်းဈေးကွက်မှာ Samsung က ၂၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး  ရောင်းအား အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ နံပါတ် ၂ ရောင်းအား အကောင်းဆုံးက Apple ဖြစ်ပြီး ၁၅ ရာခိုင်နှုန်းရရှိထားကာ အရင်နှစ် ကွာတား ၃ ထက် ၃ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

Xiaomi က နံပါတ် ၃ နေရာကို ကျဆင်းသွားပြီး ဈေးကွက်ဝေစု ၁၄ ရာခိုင်နှုန်း ရရှိထားကာ အရင်နှစ်ကနဲ့ တူညီနေပါတယ်။ vivo နဲ့ OPPO တို့က ၁၀ ရာခိုင်နှုန်းရရှိခဲ့ပြီး ရောင်းအားအကောင်းဆုံး ကုမ္ပဏီ ၅ ခု စာရင်းမှာ ပါလာပါတယ်။ အဲဒီ ကုမ္ပဏီ ၂ ခုဟာ အရင်နှစ် ကွာတား ၃ ထက် ၁ ရာခိုင်နှုန်းစီ တိုးတက်လာပါတယ်။

မကြာခင်ကျရောက်တော့မယ့် အားလပ်ရက်ရာသီအတွင်း တရုတ်မှာ Single’s Day နဲ့ အနောက်နိုင်ငံတွေမှာ Black Friday ဈေးရောင်းပွဲတော်တွေရှိတဲ့အတွက် စမတ်ဖုန်း ရောင်းအား တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်း ကုမ္ပဏီတွေဟာ အရင်နှစ်တွေကလောက် ဒစ်စကောင့် အကြမ်းစားတွေ ပေးနိုင်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

Ref : gsmarena