တကယ်လို့ သင်ဟာ ကွန်ပျူတာကိုအသုံးပြုနေတယ်ဆိုရင် Laptop တင်မဟုတ်ဘဲ Desktop ကွန်ပျူတာတစ်လုံး ဘယ်လိုမျိုး အလုပ်လုပ်တယ်၊ ဘယ်လိုမျိုးတပ်ဆင်ရတယ်ဆိုတာကို သိထားသင့်ပါတယ်။ အခုဆိုရင် ဒီလိုမျိုး Desktop ကွန်ပျူတာတစ်လုံးကို ဘယ်လိုမျိုးဆင်ရသလဲဆိုတာကို လေ့လာဖို့အတွက် ကွန်ပျူတာဝယ်စရာမလိုတော့သလို ကိုယ့်အိမ်မှာရှိပြီးသားစက်ကိုလည်း ဖြုတ်တပ်စရာမလိုတော့ပါဘူး။

ဘာကြောင့်လဲဆိုရင် Epic Games Store မှာ PC နဲ့ပတ်သက်ပြီး လေ့လာချင်တဲ့သူတွေအတွက် အကောင်းဆုံး Software တစ်ခုကို အလကားပေးနေတာကြောင့်ဖြစ်ပါတယ်။ ဒါကတော့ PC Building Simulator Software ကို အခမဲ့ပေးနေတာဖြစ်ပြီး အောက်တိုဘာလ ၁၄ ရက်နေ့မတိုင်ခင်အထိပဲ ရရှိမှာဖြစ်တဲ့အတွက် အမြန်ဆုံးရယူထားဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

အဆိုပါ PC Building Simulator Software ဟာ ဂိမ်းကစားရတာနဲ့တောင် ဆင်တူမှာဖြစ်ပြီး အခုမှ စပြီး PC နဲ့ ပတ်သက်ပြီးလေ့လာမယ့်သူတွေအတွက် “”How to build a PC” Mode ပါ ပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ Mode မှာဆိုရင် အစိတ်အပိုင်းတစ်ခုချင်းစီကို ရှင်းပြပြီး အသေးစိတ်လေ့လာနိုင်မှာဖြစ်ပါတယ်။

တကယ်လို့ PC တစ်လုံးထဲမှာပါဝင်တဲ့ အစိတ်အပိုင်းတွေကို သိပြီး ဘယ်လိုတပ်ဆင်ရသလဲဆိုတာကို သိပြီးသားဆိုရင်လည်း Career Mode သို့မဟုတ် ကိုယ့်စိတ်ကြိုက် အစိတ်အပိုင်းတွေကို သုံးပြီး တပ်ဆင်နိုင်တဲ့ Free Build Mode တွေပါဝင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာရှိပြီးသား PC ကို Upgrade မလုပ်ခင် အဆင်ပြေနိုင်သလားဆိုတာကိုလည်း စမ်းသပ်နိုင်မှာပါ။

PC Building Simulator Software ဟာ PC တစ်လုံးဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အကောင်းဆုံးလေ့လာနိုင်မယ့် Software တစ်ခုဖြစ်ပေမယ့် တကယ်တမ်း PC ဆင်တဲ့နေရာမှာ အရေးကြီးတဲ့ Cable Management ပြုလုပ်တာမျိုးတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတယ်ဆိုရင် ကျိန်းသေယူထားသင့်ပါတယ်။

Ref – PC World