စမတ်ဖုန်းအများစုကို ပလတ်စတစ်၊ သတ္တု၊ ဖန်တွေနဲ့ တည်ဆောက်ထားကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီတွေက တခြား ဒြပ်ထုတွေနဲ့ စမတ်ဖုန်းတွေကို ထူးထူးခြားခြား ဖန်တီးနေကြပါတယ်။ ဥပမာအနေနဲ့ Xiaomi Mi Mix မှာ ကြွေကို အသုံးပြုခဲ့ပါတယ်။ အခုတော့ Carbon Mobile အမည်ရ ကုမ္ပဏီက ကာဗွန်ဖိုက်ဘာနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်းကို ကြေညာလိုက်ပါတယ်။ Carbon 1 Mark II လို့ နာမည်ပေးထားပြီး MediaTek Helio P90 Chipset မောင်းနှင်ထားပါတယ်။

Carbon Mobile က HyRECM (Hybrid Radio Enabled Composite Materials) နည်းပညာနဲ့ တည်ဆောက်ထားတာလို့ ပြောပါတယ်။ ကာဗွန်ဖိုက်ဘာနဲ့ ဖန်တီးထားတဲ့အတွက် ပါးလွှာ ပေါ့ပါးပါတယ်။ Carbon 1 Mark II ဟာ ၁၂၅ ဂရမ် အလေးချိန်ရှိပြီး ၆.၃ မီလီမီတာပဲ ထူတဲ့အတွက် အပါးလွှာဆုံးနဲ့ အပေါ့ပါးဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။

ဖုန်းမှာ ၆.၀၁ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး Gorilla Glass 6 နဲ့ ကာကွယ်ထားပါတယ်။ Gorilla Glass 6 ဟာ ၀.၄ မီလီမီတာပဲ ထူတဲ့အတွက် ပါးလွှာတဲ့ ဖုန်း ဒီဇိုင်းကို မထိခိုက်စေပါဘူး။ MediaTek Helio P90 Processor မောင်းနှင်ထားပြီး RAM ပမာဏကို မသိရသေးပါဘူး။ 128GB Storage ထည့်သွင်းထားပြီး အနောက်ကင်မရာ ၂ လုံးရဲ့ Specs ကို ကုမ္ပဏီက မပြောသေးပါဘူး။

Carbon 1 Mark II မှာ ဘေးဘက်လက်ဗွေရာ ကိရိယာကို ပါဝါခလုတ်အောက်မှာ မြှပ်နှံထားပါတယ်။ အဲဒီဘက်မှာပဲ အသံခလုတ်တွေကို တပ်ဆင်ထားပါတယ်။ 3050mAh ဘက်ထရီနဲ့ အားအမြန်သွင်းနိုင်တဲ့ USB Type-C Port ကို အောက်ခြေမှာ ထည့်သွင်းထားပါတယ်။ အားအမြန်သွင်း နည်းပညာ ပါလားဆိုတာ မသိရသေးပေမယ့် အနည်းဆုံး 18W Fast Charging ပါလာနိုင်ပါတယ်။ ယူရို ၈၀၀ သတ်မှတ်ထားပြီး မြန်မာငွေ ၁၂ သိန်းလောက်ရှိပါတယ်။ အလုံးရေ ၂ ထောင်ပဲ ရောင်းမယ်လို့ ဖော်ပြထားပြီး ဇွန်လမှာ စတင် ပို့ဆောင်ပေးမှာပါ။

Ref : gizmochina