Caviar လို့ပြောလိုက်တာနဲ့ ရုရှားရဲ့ အထင်ကရ Luxury အမှတ်တံဆိပ်လို့ တန်းပြီးသိကြမှာ ဖြစ်ပါတယ်။ အထူးသဖြင့် iPhone Fan တွေကတော့ Caviar ရဲ့ ရွှေရောင်အတိပြီးတဲ့ iPhone XS Max, AirPods Pro Gold Edition တွေကို မှတ်မှတ်ရရ ရှိနေကြမယ်ထင်ပါတယ်။

အခုလည်း Caviar က iPhone 12 Pro ကို ထူးထူးခြားခြား ဒီဇိုင်းကာလာအနေအထားနဲ့ ထုတ်လုပ်လိုက်ပြန်ပြီဖြစ်ပါတယ်။ “Sands of Time” လို့အမည်ပေးထားတဲ့ Customized iPhone 12 Pro ဟာ ဒီဇိုင်းမှာ သဲနာရီကို အခြေခံထားပါတယ်။ ဒါပေမယ့် ပိုပြီးထူးခြားသွားစေတဲ့ Idea က အမေရိကန်ရဲ့ နိုင်ငံရေးကို နောက်ခံထားလိုက်တာပါပဲ။

ကျောဘက်ကိုယ်ထည်ပေါ်က သဲနာရီရဲ့ တစ်ဖက်တစ်ချက်စီမှာ ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒန်တို့ရဲ့ မျက်နှာပုံတွေ ထည့်သွင်းပေးထားပါတယ်။ တရွေ့ရွေ့စီးဆင်းနေမယ့်သဲတွေနေရာမှာတော့ ရွှေမှုန်လုံးပေါင်း ၇၅၀ ထည့်သွင်းထားပါတယ်။ အပေါ်ညာဘက်ထောင့် ကင်မရာတွေအနားမှာတော့ အမေရိကန်အလံကိုပုံဖော်ထားပြီး ကြယ်ပွင့်ပေါင်း ၅၀ ကိုလည်း ပြုလုပ်ပေးထားပါတယ်။

Caviar ရဲ့သတင်းစကားက အချိန်ဟာ ထာဝရတည်ရှိနေမှာဖြစ်ပေမယ့် အာဏာကတော့ တစ်နေရာကနေတစ်နေရာ၊ တစ်ဦးကနေတစ်ဦးကို ရွှေ့ပြောင်းနေမယ်ဆိုတာပါပဲ။ “အချိန်ရဲ့ သဲပွင့်တွေကို ရပ်တန့်လို့မရပါဘူး။ ခေတ်ဟောင်းတစ်ခုကို ကျော်ဖြတ်ခဲ့ကြပါပြီ။ ဒီနေရာကိုအစားထိုးဖို့ လူသစ်တစ်ယောက် လာနေပါပြီ။ အစီအစဉ်သစ်တွေနဲ့ မျှော်လင့်ချက်တွေကိုလည်း ယူဆောင်လာပါပြီ၊ အချိန်တွေကုန်လွန်သွားတာကိုစောင့်ကြည့်ရင်း၊ ခေတ်တွေပြောင်းသွားတာကို မြင်ရပါလိမ့်မယ်” လို့ Caviar က ဆိုပါတယ်။

Caviar ဟာ ဖုန်းရဲ့တာရှည်ခံမှုအတွက် ကိုယ်ထည်ကို တိုက်တေနီယမ်တွေနဲ့ပြုလုပ်ထားပြီး ကြယ်ပွင့် ၅၀ နဲ့ အစင်း ၇ ခုကိုလည်း အကြမ်းခံအောင် PVD coating ပြုလုပ်ထားပါသေးတယ်။ Sands of Time Customized iPhone 12 Pro ကို အလုံးရေ ၄၆ လုံးသာ ထုတ်လုပ်ပေးထားပါတယ်။ ဒါဟာ သမိုင်းတလျှောက် ခန့်အပ်ခြင်းခံခဲ့ရတဲ့ အမေရိကန်သမ္မတတွေရဲ့ အရေအတွက်လည်း ဖြစ်ပါတယ်။

ဒီဇိုင်းကို iPhone 12 Pro နဲ့ iPhone 12 Pro Max တွေပေါ်မှာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ တန်ဖိုးကတော့ ဖုန်းရဲ့အရွယ်အစားနဲ့ သိုလှောင်မှုပမာဏပေါ်မူတည်ပြီး $14,900 (၁၉၅ သိန်းဝန်းကျင်) ကနေ $19,050 (၂၄၉ သိန်းဝန်းကျင်) ကြားမှာ ရှိပါတယ်။

Ref: GSM Arena