တန်ဖိုးကြီးထုတ်ကုန်တွေကို ဖန်တီး ရောင်းချတဲ့ Caviar က ကိုယ်ရေးကိုယ်တာ ဒေတာတွေ လုံခြုံစိတ်ချချင်သူတွေအတွက် အရှေ့နဲ့ အနောက်ကင်မရာတွေကို ဖယ်ရှားထားတဲ့ iPhone 12 Series အထူးထုတ် မော်ဒယ်တွေကို ပြီးခဲ့တဲ့ ၁ နှစ်ကျော်အကြာက ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ အခုတော့ Version 2.0 ကို ကြေညာလိုက်ပြီ ဖြစ်ပြီး NPO-TCIT က ထုတ်လုပ်ထားတဲ့ BR-2 Class ကျည်ကာ သတ္တုတွေနဲ့ တည်ဆောက်ထားပါတယ်။ NPO TCIT ဟာ ကျည်ကာကားတွေနဲ့ တိုက်ပွဲသုံး ဟယ်လီကော်ပတာတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။

Caviar’s Stealth 2.0 iPhone 13 series can stop bullets

Stealth 2.0 iPhone 13 Pro / Pro Max ဟာ ပစ္စတို ကျည် မဖောက်နိုင်လောက်အောင် မာကျောတယ်လို့ ကြော်ငြာထားပါတယ်။ သရုပ်ပြ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပြီး သေနတ်နဲ့ ပစ်လိုက်ပြီးနောက်မှာ စမတ်ဖုန်းဟာ အသုံးပြုလို့ရနေသေးတာ မြင်ရပါတယ်။ ၂ ချက်ပစ်ပြီးနောက်မှာတောင် ကျည် မပေါက်ပေမယ့် ဖုန်းတော်တော် ပျက်ဆီးသွားပါတယ်။

Caviar က နောက်ထပ် Version ၁ ခုကိုလည်း ကြေညာထားပါတယ်။ စွမ်းရည်မြင့် တိုက်တေနီယမ်နဲ့ တည်ဆောက်ထားပြီး ပစ္စတို ကျည်ဆန် မတိုးပါဘူး။ အဲဒီ Version မှာတော့ ကင်မရာ ၄ လုံးကို မဖယ်ရှားထားပါဘူး။

အရင်မျိုးဆက် Stealth Series မော်ဒယ်တွေမှာလိုပဲ ၉၉ လုံးပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ iPhone 13 Pro/ Pro Max အတွက် 128GB ကနေ 1TB Storage အထိ ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၆,၃၇၀ ဒေါ်လာနဲ့ 1TB Storage ပါတဲ့ တန်ဖိုးအကြီးဆုံး iPhone 13 Pro Max ကို ၇,၉၈၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ သိန်း ၁၁၀ နဲ့ သိန်း ၁၄၀ လောက် အသီးသီး ကျသင့်မှာပါ။

Ref : gsmarena