ညဘက်မှာ ဖုန်းကို မပိတ်ချင်ရင်တောင် အင်တာနက် ဖွင့်ထားတာ၊ Wi-Fi ဖွင့်ထားတာတွေ ပိတ်ပြီး ၃ ပေအကွာမှာ ထားပြီး အိပ်သင့်ပါတယ်။

အခုခေတ်မှာ ဟန်းဖုန်းတွေက လူတိုင်းရဲ့ နေ့စဉ်ဘ၀အတွက် မရှိမဖြစ် အရေးပါနေပါတယ်။ အမြဲတမ်းလိုလို ၂၄ နာရီ ၇ ရက်ပတ်လုံး လိုအပ်နေပါတယ်။ ဘယ်နေရာသွားသွားယူသွားလေ့ရှိပြီး အိမ်မှာ မေ့ကျန်ခဲ့ရင်တောင် တစ်ခုခု လိုအပ်နေသလို ခံစားနေရမှာပါ။

လူသန်းရာပေါင်းများစွာက ညအိပ်တဲ့အခါမှာ ဆဲလ်ဖုန်းကို ဘေးမှာ ထားပြီး အိပ်တတ်ကြပါတယ်။ ဆဲလ်ဖုန်းက ထုတ်တဲ့ Radiation တွေက အိပ်မက်ဆိုးတွေမက်ခြင်း၊ ကောင်းကောင်း အိပ်မပျော်ခြင်း နဲ့ ညဘက်မှာ ခဏခဏ နိုးလာခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

ဆဲလ်ဖုန်းအပါအ၀င် လျှပ်စစ်ပစ္စည်းတွေက ခန္ဓာကိုယ်အတွက်ဆိုးကျိုးတွေဖြစ်စေပြီး ကင်ဆာ ဖြစ်ပွားမှုအန္တရာယ်ကိုလည်းမြင့်တက်စေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO – World Health Organisation) ကပြောပါတယ်။

သြစတေးလျနိုင်ငံမှာပြုလုပ်ခဲ့တဲ့ သုတေသနရလဒ်အရ ဆဲလ်ဖုန်းအသုံးပြုမှုနဲ့ အမျိုးသားတွေရဲ့ သုတ်ကောင်ပမာဏ ထုတ်လုပ်မှု လျော့ကျနေတာတွေကလည်း ဆက်စပ်နေတာကို တွေ့ရှိရပါတယ်။

ဆဲလ်ဖုန်းဘေးနားမှာထားတာများလာရင် စိတ်ဖိစီးမှုကိုလည်း မြင့်စေပါတယ်။

ဆဲလ်ဖုန်းကို မလိုအပ်ရင် ပိတ်ထားသင့်

ဆဲလ်ဖုန်းမှာ မနက်ထတဲ့ နှိုးစက်ပေးထားပြီး ဖုန်းကို ပိတ်အိပ်သင့်ပါတယ်။ ဆဲလ်ဖုန်းကို မသုံးပေမယ့်လည်း ရေဒီယိုလှိုင်းတွေကို ဖုန်းတွေက ထုတ်လွှင့် ဖမ်းယူတာတွေ ရှိတာကြောင့် သဘာဝပတ်ဝန်းကျင်ကော လူတွေအတွက်ပါ ဆိုးကျိုးတွေဖြစ်စေပါတယ်။ အဲ့လိုလှိုင်းတွေကြောင့်လည်း စိတ်ကျေနပ်မှုရတဲ့ အိပ်စက်မှုမျိုးကို ရရှိမှာမဟုတ်ပါဘူး။

ညအိပ်တဲ့အခါမှာ ဖုန်းကို ဘယ်နားထားသင့်သလဲ

နည်းလမ်း ၂ ခုရှိပါတယ်။ ပထမနည်းလမ်းကတော့ ဖုန်းပိတ်လိုက်ပြီး ကိုယ်ဘေးနားက ခုံပေါ်မှာ တင်ထားလိုက်ပါ။ ဒါပေမယ့် ဖုန်းကို နှိုးစက်ပေးထားဖို့တော့လိုပါတယ်။ ဒါမှ နှိုးစက်ထမြည်တဲ့အခါမှာ ဖုန်းလည်း အလိုအလျောက်ပွင့်မှာဖြစ်ပါတယ်။

ဒုတိယနည်းလမ်းကတော့ ကိုယ်အိပ်နေတဲ့နေရာနဲ့ အနည်းဆုံး ၃ ပေ ကွာပြီး ထားပေးသင့်ပါတယ်။ ဝေးဝေးထားလေ ပိုကောင်းလေပါ။ ကိုယ့်အိမ်က ကျဉ်းနေရင် ထမင်းစားခန်း၊ ဧည့်ခန်းတို့မှာ ထားသင့်ပါတယ်။ ဖုန်းက အရေးကြီးဖုန်းလာမှာစိုးလို့ ဖုန်းမပိတ်ချင်ရင်တောင် အင်တာနက်၊ Wi-Fi တို့တော့ ပိတ်ထားသင့်ပါတယ်။

ဖုန်းအားသွင်းတုန်း ခေါင်းအုံးအောက်မှာ မထားပါနဲ့

ဖုန်းကို အားသွင်းရင် ခေါင်းအုံးအောက်မှာ ထားပြီး အိပ်တာကြောင့် ဖုန်းတွေ အားသွင်းလွန်ပြီး ထကွဲကာ မျက်နှာမီးလောင်၊ လက်မီးလောင် ခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။