အမေရိကန်နိုင်ငံဟာ တရုတ်ကိုပိတ်ဆို့တဲ့နေရာမှာ နည်းပညာကဏ္ဍကိုလည်း အဓိကထားပြီးအသုံးချခဲ့တာ တွေ့ရပါတယ်။ အထူးသဖြင့် Chip ထုတ်လုပ်ရေးကဏ္ဍမှာ နည်းပညာတွေ၊ ကျွမ်းကျင်သူတွေ၊ ထုတ်လုပ်ရေး စက်ပစ္စည်း ကိရိယာတွေကို စည်းကမ်းချက်အသစ်တွေထုတ်ပြီး တင်းကြပ်ခဲ့ပါတယ်။

ရလဒ်အနေနဲ့ တရုတ်ရဲ့ ပြည်တွင်း Chip ထုတ်လုပ်ရေးပိုင်းမှာ အကြပ်အတည်းဖြစ်ခဲ့ရပြီး ဖွံ့ဖြိုးတိုးတက်မှုလည်း နှောင့်နှေးသွားတာကို တွေ့ရပါတယ်။ အလူးအလဲခံလိုက်ရတာကတော့ HUAWEI ဖြစ်ပြီး လုပ်ငန်းတစ်ခုလုံး ရပ်တန့်လုနီးပါးဖြစ်သွားခဲ့ရပါတယ်။

လက်ရှိအချိန်မှာ စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့ Qualcomm နဲ့ MediaTek တို့က ဒီဇိုင်းထုတ်ထားတဲ့ Chip တွေကိုပဲ အသုံးများနေတာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုအပိုင်းကိုတော့ TSMC (Taiwan Semiconductor Manufacturing Co.) က ဈေးကွက်ဝေစုအများဆုံး ရယူထားတာပဲ ဖြစ်ပါတယ်။ ဒီကုမ္ပဏီတွေအားလုံးက အမေရိကန်နည်းပညာ၊ အမေရိကန်စက်ပစ္စည်း ကိရိယာတွေကိုပဲ သုံးစွဲပြီး လုပ်ကိုင်ကြရတာဖြစ်ပါတယ်။

ဒါကြောင့် တရုတ်ဟာ ပြည်တွင်း Chip ထုတ်လုပ်မှုပိုင်းမှာ တိုးတက်မှုဖြစ်ပေါ်စေဖို့အတွက် တရုတ်နိုင်ငံမှာ ရောင်းချမယ့် စမတ်ဖုန်းတွေရဲ့ ၃၀% ဟာ တရုတ် Chip တွေကို အသုံးပြုရမယ်လို့ Minjiang University က ပါမောက္ခ Cao Haitao က အင်တာဗျူးအစီအစဉ်တစ်ခုကတစ်ဆင့် ထုတ်ဖော်ပြောဆိုသွားပါတယ်။ အကယ်၍ အခြားအမှတ်တံဆိပ်တွေကို ရွေးချယ်မယ်ဆိုရင်လည်း အခွန် ၄၀၀% ကို ပေးဆောင်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီလိုပြုလုပ်ရတဲ့ရည်ရွယ်ချက်ဟာ တရုတ်ပြည်တွင်း Chip ထုတ်လုပ်မှု တိုးတက်ဖွံ့ဖြိုးရေးအတွက် ဈေးကွက်ကို မွေးမြူတာဖြစ်ကြောင်း၊ ဈေးကွက်တစ်ခုဖြစ်လာတဲ့အခါ ဝင်ငွေလည်းဖြစ်ပေါ်လာပြီး ဒီဝင်ငွေကတစ်ဆင့် R&D ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပေါ်လာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုမဟုတ်ရင်တော့ ဒီကဏ္ဍကို အခြားသူတွေကပဲ အမြဲတမ်းထိန်းချုပ်ထားခြင်းခံရမယ်လို့ ပြောပါတယ်။

ဆီမီးကွန်ဒတ်တာလုပ်ငန်းမှာ TSMC ဟာ အကြီးမားဆုံးဖြစ်ပါတယ်။ ထိုင်ဝမ်အခြေစိုက် လုပ်ငန်းကြီးရဲ့ ရှယ်ယာရှင်တွေအနက် ၈၀% ဟာ နိုင်ငံရပ်ခြားမှာရှိနေကြပြီး ကျန် ၂၀% ကပဲ ထိုင်ဝမ်နိုင်ငံသားတွေရဲ့လက်ထဲမှာ ရှိနေတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စက်မှုလုပ်ငန်းရဲ့ ဝင်ငွေ ၈၀% ကို နိုင်ငံရပ်ခြားနေထိုင်သူတွေက ရယူတာပဲ ဖြစ်ပါတယ်။

Ref: Gizchina