COVID-19 ရောဂါကြောင့် တစ်ကမ္ဘာလုံးက စီးပွားရေးလုပ်ငန်းတွေ ထိခိုက်မှုကြုံတွေ့ခဲ့ရသလို စမတ်ဖုန်းထုတ်လုပ်ရောင်းချမှုဈေးကွက်မှာလည်း လပေါင်းများစွာ နှောင့်နှေးခဲ့ရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံ သတင်းနဲ့ဆက်သွယ်ရေးနည်းပညာအဖွဲ့အစည်းမှ ထုတ်ဝေလာတဲ့ အစီရင်ခံစာမှာတော့ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းဈေးကွက်ဟာ အခြေအနေဆိုးတွေကို ကျော်လွန်ပြီး ဧပြီလအတွင်း မနှစ်ကထက် စမတ်ဖုန်းတင်ပို့နိုင်မှု ၁၄.၂% ထိ တိုးမြင့်လာခဲ့တာကို တွေ့ရပါတယ်။

ဧပြီလအတွင်းမှာ စမတ်ဖုန်းတင်ပို့မှု စုစုပေါင်း ၄၁.၇၂၈ သန်းထိ ရှိခဲ့တာကြောင့် ယခင်နှစ်ထက် ပိုများခဲ့ပေမယ့် ပြီးခဲ့တဲ့လေးလစာဆိုရင်တော့ ၂၀၁၉ ခုနှစ် အလားတူကာလထက် ၂၀.၁% ထိ ကျဆင်းခဲ့တာပါ။ ဇန္နဝါရီကနေ ဧပြီလထိ လေးလအတွင်းမှာ တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေဟာ စုစုပေါင်းစမတ်ဖုန်း ၉၀.၆၈၁ သန်း တင်ပို့ထားပါတယ်။

ဧပြီတစ်လတည်းမှာတင် တရုတ်ဈေးကွက်မှာ မိတ်ဆက်လာခဲ့တဲ့စမတ်ဖုန်းသစ် ၄၈ လုံးရှိပြီး မနှစ်ကထက် ၁၄.၃% ပိုများလာတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ နှစ်စကနေ တွက်ရင်တော့ စုစုပေါင်း စမတ်ဖုန်းမော်ဒယ်သစ် ၁၃၇ မျိုး မိတ်ဆက်ခဲ့ပြီး အရင်နှစ်ထက် ၁၈% ပိုနည်းတဲ့ ပမာဏပါ။

5G စမတ်ဖုန်းအပိုင်းမှာတော့ ဧပြီလမှာ ၁၆.၃၂ သန်းထိ တင်ပို့ခဲ့ပြီး စုစုပေါင်းစမတ်ဖုန်းတင်ပို့မှုရဲ့ ၃၉.၃% ထိ ရှိလာခဲ့ပါပြီ။ ဒါ့အပြင် 5G ဖုန်းသစ် ၂၂ မျိုးကိုလည်း မိတ်ဆက်ခဲ့တဲ့အတွက် အသစ်ထွက်လာတဲ့ စမတ်ဖုန်း ၄၅.၈% သို့မဟုတ် တစ်ဝက်နီးပါးဟာ 5G ဖြစ်ပါတယ်။

၂၀၂၀ ပထမလေးလအတွင်းမှာဆိုရင်တော့ 5G ဖုန်းသစ် ၆၅ မျိုးအထိ မိတ်ဆက်ခဲ့ပြီး စမတ်ဖုန်းသစ်မိတ်ဆက်မှုရဲ့ ၄၇.၄% ရှိကာ အရေအတွက်အားဖြင့်တော့ ၃၀.၄၄၁ သန်းဖြစ်ပါတယ်။ တရုတ်စမတ်ဖုန်းဈေးကွက်ကတော့ နှစ်စမှာ COVID-19 ကြောင့် ထိခိုက်မှုရှိခဲ့ပေမယ့် ဧပြီလအတွင်းမှာပဲ ပြန်လည်အခြေအနေကောင်းမွန်လာခဲ့ပါပြီ။ ဒါပေမယ့် လာမယ့်လတွေမှာတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref – GizmoChina