အမေရိကန်စီးပွားကူးသန်းက Huawei ရဲ့ Global chip supply ကို ဖြတ်တောက်ဖို့ အကြံအစည်နဲ့ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေကြောင်း သတင်းထွက်လာပြီး ရက်ပိုင်းအတွင်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်အနေနဲ့ Huawei လို တရုတ်ကုမ္ပဏီတွေကို “အကြောင်းမဲ့ဖိနှိပ်တာမျိုး” ရပ်တန့်စေလိုကြောင်း တိုက်တွန်းတယ်လို့ ဆိုလိုက်ပါတယ်။

တရုတ်အစိုးရဟာ တရုတ်ကုမ္ပဏီတွေရဲ့ တရားဝင်အခွင့်အရေးတွေကို ခိုင်ခိုင်မာမာ ကာကွယ်ပေးလိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ပေကျင်းအစိုးရအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်ပြီးလက်တုံ့ပြန်မယ့် အစီအစဉ်တွေ လုပ်ဆောင်လာနိုင်သလားဆိုတဲ့ မေးခွန်းကို ဖြစ်ပေါ်စေပါတယ်။

တရုတ် Global Times သတင်းစာကလည်း ပြီးခဲ့တဲ့ စနေနေ့ထုတ်ဝေမှုမှာ တရုတ်အစိုးရနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေကိုကိုးကားပြီး ပေကျင်းအစိုးရဟာ အမေရိကန်ကို တန်ပြန်ဖို့အစီအမံတွေအဆင်သင့်ရှိကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ Apple Inc (AAPL.O), Cisco System Inc (CSCO.O) နဲ့ Qualcomm Inc (QCOM.O) တို့ကို စိတ်မချရတဲ့ စာရင်းထဲထည့်သွင်းပြီး စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ဖွယ်ရှိပါတယ်။

တရုတ်အာဏာရကွန်မြူနစ်ပါတီရဲ့ တရားဝင်ထုတ်ဝေတဲ့ ပြည်သူ့နေ့စဉ်သတင်းစာကတော့ ပေကျင်းအစိုးရဟာ ဘိုးအင်းကုမ္ပဏီ (BA.N) လေယာဉ်တွေဝယ်ယူဖြင်းကို ရပ်ဆိုင်းလိုက်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံနှစ်ခုရဲ့ ကုန်သွယ်ရေးစစ်ပွဲဟာ ကိုရိုနာဗိုင်းရတ် ပျံ့ပွားမှုနောက်ပိုင်း ပိုပြီးပြင်းထန်လာမယ့် လက္ခဏာတွေကို ဖော်ပြလာပါတယ်။

Ref: Gizmochina