ထိန်းချုပ်မှုကင်းမဲ့နေတဲ့ တရုတ်ရဲ့ Booster ဟာ အာကာသထဲကနေ အိန္ဒိယသမုဒ္ဒရာပေါ်ကကမ္ဘာ့လေထုကို ဖြတ်သန်းပြီး ပြန်လည်ဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ အစိတ်အပိုင်းတွေကျရောက်ခဲ့တဲ့နေရာကတော့ မလေးရှားနိုင်ငံ Borne ကျွန်းပေါ်က Sarawak အနီးတစ်ဝိုက်လို့ သိရပါတယ်။

US Space Command က ဒုံးပျံပြန်လည်ကျရောက်မှုကို ဇူလိုင်လ ၃၀ ရက်နေ့ နေ့လယ်ပိုင်းကတည်းက အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ အပျက်အစီးတွေဟာ ဘယ်နေရာကို ကျရောက်ခဲ့လဲဆိုတာ ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဘူး။ တရုတ်အာကာသအေဂျင်စီကတော့ မလေးရှားနိုင်ငံဧရိယာအနီးတစ်ဝိုက်ကို ပြန်လည်ဝင်ရောက်ခဲ့ပြီး အများစုကတော့ ဆင်းသက်ရာလမ်းမှာပဲ လောင်ကျွမ်းသွားတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့တုန်းက တရုတ်နိုင်ငံဟာ သူတို့ရဲ့ မပြီးဆုံးသေးတဲ့ Tiangong အာကာသစခန်းကို ဓါတ်ခွဲခန်း Module တစ်ခု လွှတ်တင်ဖို့ Long March 5B ဒုံးပျံကို အသုံးပြုခဲ့ပါတယ်။ ဒုံးပျံအများစုနဲ့မတူဘဲ Long March 5B ဟာ Core Module ကို အာကာသထဲပို့ဆောင်ပြီးတဲ့နောက် ကျန်စိတ်အပိုင်းတွေကို အလိုအလျောက်လွှတ်ချလိုက်တာပါ။

အထိန်းအချုပ်မဲ့နေတဲ့ ဒီ ဒုံးပျံဟာ ကမ္ဘာ့လေထုထဲကို ပြန်မဝင်လာခင် ဂြိုလ်တုပတ်လမ်းကြောင်းထဲမှာ မျောနေခဲ့တာကြောင့် ကမ္ဘာ့ဘယ်နေရာကို ပြန်လည်ကျရောက်လာမယ်ဆိုတာကို အတိအကျမတွက်ချက်နိုင်ဘဲ ဖြစ်ခဲ့ကြပါတယ်။ အခုတော့ မလေးရှားနိုင်ငံရဲ့ နယ်နိမိတ်ထဲကို ပြန်လည်ကျရောက်လာတာလည်း ဖြစ်ပါတယ်။

မလေးရှားနိုင်ငံက Twitter အသုံးပြုသူတွေဟာ ဒုံးပျံပြန်လည်ဝင်ရောက်လာပုံကို ထင်ထင်ရှားရှားရိုက်ကူးဖမ်းယူခဲ့ပြီး အဆိုပါပလက်ဖောင်းပေါ်မှာ လွှင့်တင်ခဲ့ကြပါတယ်။ အချို့ကတော့ ဥက္ကာပျံလို့ ယုံကြည်နေကြပါတယ်။ Harvard-Smithsonian Center for Astrophysics က နက္ခတရူပဗေဒပညာရှင် Jonathan McDowell က ဒုံးပျံကအပျက်အစီးတွေဟာ ဘော်နီယိုမြောက်ပိုင်းကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့သုံးမြို့ဖြစ်တဲ့ Sibu, Bintulu ဒါမှမဟုတ် Brunei တို့ဆီ ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

NASA အုပ်ချုပ်ရေးမှုး Bill Nelson ကတော့ “Long March 5B ကမ္ဘာပေါ်ပြန်ကျလာတာနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဟာ တိကျတဲ့ လမ်းကြောင်းအချက်အလက်ကို မျှဝေခြင်းမပြုခဲ့ဘူး” လို့ တုံ့ပြန်ထားပါတယ်။ “Spacefaring Nations တွေအားလုံးဟာ သတ်မှတ်ထားတဲ့အကောင်းဆုံးအလေ့အကျင့်တွေကိုလိုက်နာသင့်ပြီး Long March 5B လိုမျိုး ကြီးမားတဲ့အန္တရာယ်ကို သယ်ဆောင်လာတဲ့ ဖြစ်ရပ်မျိုးမှာ ဖြစ်နိုင်ခြေရှိတဲ့ အပျက်အစီးတွေနဲ့ အကျိုးသက်ရောက်မှုတွေကို ယုံကြည်စိတ်ချရတဲ့ ကြိုတင်ခန့်မှန်းချက်တွေပြုလုပ်နိုင်ဖို့အတွက် အချက်အလက်တွေကို မျှဝေသင့်တယ်” လို့လည်း ဆိုထားပါသေးတယ်။

တရုတ်နိုင်ငံဟာ လာမဲ့အောက်တိုဘာလထဲမှာ နောက်ထပ် Module တစ်ခုကို Tiangong ဆီ ပို့ဆောင်ဦးမှာဖြစ်တဲ့အတွက် အလားတူဒုံးပျံအစိတ်အပိုင်းပျက်ကျမှုတွေ ထပ်မံကြုံတွေ့ရနိုင်ပါတယ်။

Ref: The Verge