တရုတ်ကလွှတ်တင်လိုက်တဲ့ ဒုံးပျံတစ်ခုဟာ မကြာခင်မှာ ကမ္ဘာမြေဆီကို အထိန်းအကွပ်မဲ့စွာနဲ့ ပြန်ပြီးကျဆင်းလာမယ်လို့ သိရပါတယ်။ သူ့ရဲ့ ကြီးမားတဲ့အရွယ်အစားနဲ့ အလေးချိန်ကြောင့် ကမ္ဘာ့လေထုကို ဖြတ်သန်းပြီး မြေပြင်နဲ့ထိတွေ့သွားနိုင်တဲ့အခြေအနေလည်း ရှိနေတာ ဖြစ်ပါတယ်။

ဒီပျက်ကျအစိတ်အပိုင်းတွေကြောင့် ထိခိုက်ပြီးလူသေမှုဖြစ်တယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲဆိုပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အလားတူ တရုတ်ဒုံးပျံပြုတ်ကျမှုကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ အခုဒုံးပျံကလည်း အလားတူ စိုးရိမ်မှုတွေကို ဖြစ်ပေါ်စေနိုင်တာပါ။

ဒီ Booster ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က လွှတ်တင်ခဲ့တဲ့ Long March 5B ဒုံးပျံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ ဒါဟာ တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ Tiangong အာကာသစခန်းအတွက် ပတ်လမ်းထဲကို မော်ဂျုးသစ်တစ်ခုအဖြစ် ပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဧရာမဒုံးပျံကြီးဟာ အာကာသကိုရောက်ရှိပြီးတဲ့နောက်မှာ ကြီးမားတဲ့အစိတ်အပိုင်းတစ်ခုကို အလိုအလျောက်လွှတ်ချလိုက်တာဖြစ်ပြီး ဒါဟာ Core booster လည်း ဖြစ်ပါတယ်။

ဒီ Booster ဟာ ကမ္ဘာမြေကို ပြန်မကျရောက်ခင် ဂြိုလ်တုပတ်လမ်းအတိုင်း ရှိနေခဲ့ပါတယ်။ ဒုံးပျံအစိတ်အပိုင်းဟာ ပေ ၁၀၀ ကျော်ရှည်လျားပြီး အလေးချိန် ၂၂ တန်ကျော်ရှိပါတယ်။ ဒါကြောင့် ဒီပြုတ်ကျမှုမှာ ၉ တန်နဲ့အထက် Material တွေက ကျန်ရှိနေနိုင်သေးတယ်လို့ သိရပါတယ်။

အာကာသခြေရာခံသူတွေကတော့ Long March 5B ပြုတ်ကျလာနိုင်တဲ့နေရာကို အတိအကျခန့်မှန်းနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားနေကြတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်တုန်းက ထိန်းချုပ်မှုကင်းမဲ့တဲ့ တရုတ်ဒုံးပျံတစ်စင်းဟာ ကမ္ဘာမြေပေါ်ပြန်ကျလာဖူးတာကြောင့် ဒီဖြစ်ရပ်ကို ဥပမာပြုနေကြတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ကတော့ ဒုံးပျံဟာ လူဦးရေကျဲပါးတဲ့ အိန္ဒိယသမုဒ္ဒရာထဲကို ကျရောက်ခဲ့ပေမဲ့ ၂၀၂၀ ပြည့်နှစ်တုန်းကတော့ အကျိုးအပဲ့အပျက်အစီးအစအနတွေဟာ အိုင်ဗရီကို့စ်ကို ကျရောက်ခဲ့ပါတယ်။

အာကာသသုတေသနနဲ့ အကျိုးအမြတ်မယူတဲ့ Aerospace Corporation ရဲ့ အဆိုအရ အာကာသကနေ အခုလိုပြန်ကျလာတဲ့ အစိတ်အပိုင်းကြောင့် လူတစ်ဦးတစ်ယောက် ထိခိုက်သေဆုံးနိုင်ခြေဟာ အကြိမ်ရေ ၁၀ ထရီလီယံမှာမှ ၆ ကြိမ်သာ ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း ဒုံးပျံအစိတ်အပိုင်းတွေက ဘယ်နေရာမှာကျလာမယ်ဆိုတာကိုမသိရဘဲ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းနေရတာကတော့ စိတ်ရှုပ်စရာပဲ ဖြစ်ပါလိမ့်မယ်။

Ref: The Verge