Google ရဲ့ Chrome ဟာ လက်ရှိအချိန်မှာအကောင်းဆုံးနဲ့ လူသုံးအများဆုံး Web Browser တစ်ခုဖြစ်ပေမယ့် အသုံးပြုတဲ့အချိန်မှာ ကွန်ပျူတာရဲ့ RAM အပါအဝင် Background Processing အများအပြားကို အသုံးပြုတဲ့ Browser တစ်ခုလို့ပြောရမှာပါ။ အဲ့ဒီအတွက် စက်လေးတာနဲ့ Laptop တွေမှာ ပုံမှန်ထက် Battery ပိုစားနေတာမျိုးကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်းမှာ Google ကနေ Chrome Web Browser ရဲ့ RAM အသုံးပြုမှုကို လျော့ချဖို့ဆောင်ရွက်နေသလို အခုလည်း လာမယ့် Chrome Version 86 မှာ Battery စားပိုသက်သာစေမယ့်နည်းလမ်းတစ်ခုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒါကတော့ Background Tab တွေကို JavaScript Timer နဲ့ Tracker အသုံးပြုမှုကို ရပ်ဆိုင်းပစ်လိုက်တာပဲဖြစ်ပါတယ်။

အဆိုပါ စမ်းသပ်ချက်အရ Foreground မှာ Tab တစ်ခုဖွင့်ထားပြီး Background Tab ၃၆ ခုအထိအသုံးပြုနေတဲ့အချိန်မှာ အဆိုပါနည်းလမ်းကိုအသုံးပြုလိုက်တာက Battery ကို ၂ နာရီနီးပါး ပိုမိုအသုံးပြုနိုင်စေခဲ့တယ်လို့သိရပါတယ်။ ဒါပေမယ့်လည်း YouTube Video ဖွင့်ကြည့်ပြီး စမ်းသပ်တဲ့အချိန်မှာတော့ ၃၆ မိနစ်ခန့်ပဲ Battery စားပိုသက်သာခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုးပြောင်းလဲလိုက်တာက Chrome အသုံးပြုသူတွေအတွက်တော့ Battery စားပိုသက်သာသွားမှာဖြစ်ပြီး အဆိုပါ Feature ကို PC နဲ့ Mobile အသုံးပြုသူတွေအကုန်လုံးအတွက် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ Chrome 86 ဟာ စမ်းသပ်ဆဲ Experimental Build အနေနဲ့ပဲရရှိနေသေးတဲ့အတွက် Stable Update ထွက်ရှိဖို့ကိုတော့ ဆက်လက်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။

Ref – Engadget