ပြင်သစ် ကားထုတ်လုပ်ငန်းကြီး Citroen ဟာ Ami လို့နာမည်ပေးထားတဲ့ ပေါ့ပါးဝန်ကျဉ်းတဲ့ လျှပ်စစ်ကားငယ်လေးတွေကို ဒီနှစ်ထဲမှာပဲ စတင်ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ် ဇွန်လမှာ ကုမ္ပဏီက Ami တွေကို စတင်ရောင်းချခဲ့တယ်ဆိုပေမယ့် ဥရောပရဲ့ နေရာတချို့မှာပဲ ရရှိသေးတာ ဖြစ်ပါတယ်။

အခုအချိန်အထိ ယူကေမှာတောင် ဝယ်ယူလို့မရသေးတဲ့ Ami လျှပ်စစ်ကားလေးတွေဟာ မကြာခင်အချိန်အတွင်းမှာ တရုတ်ဈေးကွက်ထဲကို ရောက်ရှိလာတော့မယ်လို့ မျှော်လင့်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ Ami လျှပ်စစ်ကားလေးတွေကို တရုတ်နိုင်ငံ ဝူဟန်မြို့ရဲ့ လမ်းတွေပေါ်မှာ စမ်းသပ်မောင်းနှင်နေကြောင်း Weibo ပေါ်မှာ တွေ့မြင်လာရတာကြောင့်ပဲ ဖြစ်ပါတယ်။

ကားရဲ့ ဘီးနဲ့ကိုယ်ထည်မှာ တောက်ပတဲ့ အနီရောင်ခြယ်သထားတဲ့ ဒီလျှပ်စစ်ကားလေးဟာ Citroen concept car လည်း ဖြစ်သလို၊ ဒီလအတွင်း ဥရောပမှာ ပွဲထုတ်ခဲ့တဲ့ ကားလေးတွေလည်း ဖြစ်ပါတယ်။ Citroen Ami ရဲ့ ကိုယ်ထည်မှာ အလင်းထုတ်လွှတ်တဲ့ဖန်သားဧရိယာကျယ်တစ်ခုရှိပါတယ်။ မြင်ကွင်းကျယ်ကြည့်နိုင်တဲ့ တံခါးပေါက်လို့ဆိုရင်လည်း မမှားပါဘူး။

ဒီ Ami လျှပ်စစ်ကားငယ်လေးဟာ လူနှစ်ဦးပဲ လိုက်ပါစီးနင်းနိုင်မှာပါ။ ကားကို ထိန်းချုပ်မောင်းနှင်ရတာကတော့ ပုံမှန်ကားတွေနဲ့ ဆင်တူပါတယ်။ လူနှစ်ယောက်ထိုင်စရာ ခုံနှစ်လုံးရှိပြီး နောက်မှာတော့ နေရာလွတ်အနည်းငယ် ရှိပါတယ်။ ဒီကားငယ်လေးကို 6kW မော်တာတပ်ဆင်မောင်းနှင်တာဖြစ်ပြီး၊ ဘက်ထရီကတော့ 5.5kWh ပမာဏ ဖြစ်ပါတယ်။ အမြင့်ဆုံးရွေ့လျှားနှုန်းက 45km/h ဖြစ်ပြီး အဝေးဆုံးမောင်းနှင်နိုင်တာက 70km ပဲ ဖြစ်ပါတယ်။

Ami လျှပ်စစ်ကားငယ်လေးတွေဟာ မြို့ကြီးတွေမှာ ခရီးတိုသွားလာဖို့အတွက်ပဲ သင့်တော်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီကားလေးရဲ့ ကိုယ်ထည်အလျားဟာ 2.4meters ပဲ ရှည်လျားတာဖြစ်ပြီး၊ အလေးချိန်ကတော့ 485kg ပဲ ရှိတာ ဖြစ်ပါတယ်။ ဥရောပမှာတော့ Ami လျှပ်စစ်ကားငယ်လေးတွေကို ယာဉ်မောင်းလိုင်စင်မပါဘဲလည်း မောင်းနှင်ခွင့်ရှိတယ်လို့ သိရပါတယ်။ ပြင်သစ်မှာတော့ အသက် ၁၄ နှစ်၊ ဂျာမနီမှာတော့ အသက် ၁၅ နှစ်အရွယ်ကစပြီး မောင်းနှင်ခွင့်ပေးထားပါတယ်။

Ami လျှပ်စစ်ကားငယ်တွေအတွက် အရောင်ကို စိတ်ကြိုက်ရွေးချယ်လို့ရပါတယ်။ ဘက်ထရီအတွက် အားသွင်းကြိုးတစ်ချောင်းပါရှိပြီး 220V ပါဝါကတစ်ဆင့် အားသွင်းနိုင်ပါတယ်။ တပ်ဆင်ထားတဲ့ ဘက်ထရီကို ရာနှုန်းပြည့်အားသွင်းဖို့ အချိန် ၃ နာရီကြာမှာဖြစ်ပါတယ်။ ဥရောပမှာ ရောင်းချနေတဲ့ဈေးနှုန်းကတော့ Pounds 6,000 (၁၀၇ သိန်းခွဲ ဝန်းကျင်) ဖြစ်ပါတယ်။

Ref: Gizmochina