လွန်ခဲ့တဲ့ နှစ်တွေကတည်းကစပြီး ကမ္ဘာတစ်ဝန်းမှာရှိတဲ့ စမတ်ဖုန်းဈေးကွက်ဟာ ပြောင်းလဲလာပါတယ်။ ထင်ရှားတဲ့ဥပမာကိုပြရမယ်ဆိုရင် iPhone X ကို စတင်ဖြန့်ချိပြီးနောက်ပိုင်း Ultra-premium ဟန်းဆက်ဈေးကွက်က မြင့်တက်လာတာကို တွေ့ရပါလိမ့်မယ်။

ဒါပေမယ့် အခုအချိန်မှာ လူအတော်များများဟာ “Affordable Premium” လို့ခေါ်တွင်နေကြတဲ့ နယ်ပယ်တစ်ခုမှာပဲ ကျင်လည်နေကြပါတယ်။ ဈေးနှုန်းကတော့ ဟိုအရင်တုန်းက “Flagship” တွေရဲ့ ဈေးနှုန်းနဲ့တန်းတူဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါကို Counterpoint Research က တောင်ကိုရီးယား စမတ်ဖုန်းဈေးကွက်ကိုအခြေပြုပြီး ရှင်းလင်း တင်ပြပေးထားပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်းများစွာမှာ Samsung ရဲ့ Galaxy S စီးရီးနဲ့ Galaxy Note စီးရီးတွေဟာ တောင်ကိုရီးယားမှာ အရောင်းရဆုံး စမတ်ဖုန်းမော်ဒယ်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြီးမားတဲ့အပြောင်းအလဲတွေဖြစ်ပေါ်နေတဲ့အကြောင်း Q1 2020 Counterpoint Research က ဖော်ပြနေပါတယ်။

အခုအချိန်မှာ Samsung ရဲ့အရောင်းရဆုံးဟန်းဆက်ဟာ Galaxy A90 5G ဖြစ်နေပါတယ်။ ပျမ်းမျှရောင်းဈေး ASP (Average Selling Price) ဟာ $453 (၆ သိန်း၃ သောင်းခွဲဝန်းကျင်) ဖြစ်ပြီး နှိုင်းယှဉ်မယ်ဆိုရင် ၂၀၁၉ ပထမသုံးလပတ်မှာရောင်းခဲ့တဲ့ Galaxy Note 9 ဟာ $806 (၁၁ သိန်း ၃ သောင်းဝန်းကျင်) ဖြစ်ပါတယ်။ ဒုတိယအရောင်းရဆုံး Samsung ဖုန်းဟာ Galaxy Note 10 5G ဖြစ်ပြီး $941 (၁၃ သိန်းဝန်းကျင်) ဖြစ်ပြီး Galaxy Note 10 Plus 5G ကတော့ ပဉ္စမနေရာမှာရှိနေခဲ့ပါတယ်။

ဒီအချိန်တစ်ဝိုက် ပြီးခဲ့တဲ့နှစ် ရောင်းအားကိုပြန်ကြည့်တဲ့အခါ ထိပ်ဆုံးသုံးနေရာဟာ Ultra-premium ဟန်းဆက်တွေဖြစ်ပြီး သူတို့နောက်မှာ Entry-level မော်ဒယ်တွေနဲ့ Flagship တွေဖြစ်တာကိုတွေ့ရပါတယ်။ ဒီရေစီးကြောင်းအရ Galaxy S နဲ့ Note စီးရီးတွေဟာ ၂၀၁၈ ခုနှစ်ကတည်းက သူတို့ရဲ့ ဈေးကွက်ဝေစုကို Entry-level နဲ့ Mid-range တွေဆီ ပေးလိုက်ရတာကို မြင်တွေ့နိုင်ပါတယ်။

တောင်ကိုရီးယားမှာရောင်းချတဲ့ စမတ်ဖုန်းတွေရဲ့ ပျမ်းမျှရောင်းဈေးဟာ ပြီးခဲ့တဲ့နှစ်အထိ ပုံမှန်မြင့်တက်ခဲ့တယ်ဆိုပေမယ့် ၂၀၂၀ ပထမသုံးလပတ်မှာတော့ ပထမဦးဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့တာကို တွေ့နိုင်ပါတယ်။ High-end တွေရဲ့ ဈေးနှုန်းထိုးတက်မှုကလည်း ပြီးခဲ့တဲ့နှစ်အနည်းငယ်ကပဲ ဖြစ်ခဲ့ပါတယ်။

ပြောင်းလဲလာတဲ့အခြေအနေတွေအရ OEMs တွေဟာ အရည်အသွေးမြင့်တဲ့ ဟန်းဆက်တွေကို သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချတဲ့ မဟာဗျူဟာကို အသုံးပြုလာကြရပါတယ်။ အစပိုင်းမှာပြောခဲ့တဲ့ Apple လည်း iPhone SE 2020 ကို ဒေါ်လာ ၄၅၀ နဲ့ရောင်းချပြီး အပြောင်းအလဲကို စတင်နေတာ မြင်တွေ့ရပါတယ်။

Ref: Gizmochina